သိန်းညွန့်(PZL)

 

ငါးလင်ပန်း (ခေါ်) ငါးမြိတ်ထုံးဟူသော ငါးမှာ တွင်းအောင်းနေတတ်ပြီး ကျေးလက်နေသူတို့ အလွန်တန်ဖိုးထားသည့် ဟင်းလျာ၊ မြို့ပြစားသောက်ဆိုင်ကြီးများတွင် ဈေးကြီးသောဟင်းလျာတစ်မျိုးဖြစ်သည်။

 

ပင်လယ်နှင့်နီးသော ရေချိုရေငန်စပ်ဒေသများရှိ လယ်ကွင်းများ၊ ချောင်းရိုး များတွင် ငါးလင်ပန်းကို ပိုတွေ့ရသည်။ ထို့ပြင် ချောင်းရိုး၊ မြောင်းရိုးများ အတွင်းရှိ ဂလိုဏ်ပေါက်များ၊ လယ်ကန်သင်းရိုး ဂလိုဏ်ပေါက်များတွင်  တွင်းအောင်းနေထိုင်ကြသည်။ သို့သော် ၎င်းတို့သည် ကိုယ်တိုင် တွင်းဖောက်နိုင်ခြင်း မရှိပေ။

 ငါးလင်ပန်းဟုအမည်ရသော်လည်း ခန္ဓာကိုယ်မှာ မဝိုင်း၊ ဦးခေါင်းတွင် ချွန်၍ထောင်နေသော နားရွက်၊ ရှည်လျားသော ကိုယ်ခန္ဓာနှင့် ၎င်းကို ဖမ်းမိချိန်တွင် တင်းကျပ်စွာ ညှစ်လိုက်ပါက ကလေးငယ် လေးငိုသံ၊ ကြောင်ပေါက်စလေးများ အော်သံကဲ့သို့ အသံမြည်သည်က ထူးခြားသည်။

 

ငါးလင်ပန်း၏ သိပ္ပံအမည်မှာ Anguilla benga-lensis ဖြစ်ကာ အင်္ဂလိပ်အမည်မှာ Mottled eel ၊ long-finned eel ဖြစ်သည်။ ငါးလင်ပန်းသည် မျိုးရင်း Anguillidae မျိုးစဉ် Actinopterygii တွင်ပါဝင်သော ငါးမျိုးစိတ်ဖြစ်ပြီး ရေအောက်ကြမ်းပြင်တွင်နေသော ငါးမျိုးဖြစ်သည်။

 

မိတ်လိုက်ဥချချိန်တွင် ရေငန်သို့ သွားရောက်လေ့ရှိပြီး ကျန်ဘဝ အစိတ်အပိုင်းများကို ရေချိုတွင်သာ ရှင်သန်သည်။ ရေချိုမြစ်ချောင်း အင်းအိုင်များ၊ ဆည်ကြီးများနှင့် ကျောက်တုံးထူထပ်သော တောင်ကျချောင်းများအထိ ကျက်စားနေထိုင် တတ်ကြသည်။ အကြီးဆုံးမှတ်တမ်းတင်ထားသည့် ငါးလင်ပန်းမှာ အရှည်လေးပေနှင့် အလေးချိန် လေးပိဿာခန့်ရှိကြောင်း သိရသည်။

 

ငါးလင်ပန်းကို မြန်မာနိုင်ငံသာမက အာရှနိုင်ငံများဖြစ်သော အိန္ဒိယ၊ ပါကစ္စတန်၊ သီရိလင်္ကာ၊ နီပေါ၊ ဘင်္ဂလားဒေ့ရှ်၊ ဖိလစ်ပိုင်၊ ထိုင်း၊ မလေးရှား အစရှိသည့် နိုင်ငံများတွင်လည်း တွေ့ရှိနိုင်ပြီး အိန္ဒိယနိုင်ငံတွင် မျိုးသုဉ်းမည့်အခြေအနေနှင့် ရင်ဆိုင်နေရသကဲ့သို့ မြန်မာနိုင်ငံတွင်လည်း ရှားပါးသည့် မျိုးစိတ်အဖြစ်သို့ ရောက်ရှိလာပြီဖြစ်သည်။

 

ငါးလင်ပန်းအပါအဝင် ငါးမျိုးစိတ်အများအပြားသည် ဂေဟစနစ် ပြောင်းလဲမှုနှင့် ရာသီဥတုပြောင်းလဲမှု၊ သဘာဝမြစ်ချောင်းများအတွင်းသို့ စိုက်ပျိုးရေးကဏ္ဍသုံး ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး၊ ဓာတ်မြေသြဇာဓာတ်ကြွင်းများ ရောက်ရှိလာမှု၊ မြို့ပြကစွန့်ထုတ်သည့် အညစ်အကြေးများ၊ စက်ရုံ၊ အလုပ်ရုံ လုပ်ငန်းများမှ စွန့်ထုတ်သည့် အညစ်အကြေးများ သဘာဝရေပြင်သို့ ရောက်ရှိကာ ရေထုညစ်ညမ်းလာခြင်းနှင့် လူတို့၏ ဘက်ထရီရှော့တိုက်ခြင်း၊ အဆိပ်ဆေးချခြင်းကဲ့သို့ မဆင်မခြင် ငါးဖမ်းမှုများကြောင့် ကောင်ရေလျော့ကျကာ မျိုးသုဉ်းမည့် အန္တရာယ် ရှိလာခြင်း ဖြစ်သည်။

 

ငါးလင်ပန်း၏ အသားသည် အာဟာရဓာတ်အများအပြား ပါဝင်သောကြောင့် နိုင်ငံတကာ ဈေးကွက်တွင် ဈေးကြီးသော ငါးအမျိုးအစား ဖြစ်သည်။ အသားနူးညံ့၍ အလွန်အရသာရှိသည်။ ကျောရိုးမကြီး တစ်ချောင်းသာပါ၍ အခြားအရိုးမရှိ။ ၎င်း၏ကိုယ်မှ အချွဲကို အရိုးအဆစ်ရောင်ရောဂါများကုသရာတွင် အသုံးဝင်သည်ဟုလည်း သိရသည်။

 

ငါးလင်ပန်းကို နည်းမျိုးစုံသုံး၍ ဖမ်းဆီးကြရာ အဝယ်ဒိုင်များက အရှင်ကိုသာ ဝယ်သည်ဖြစ်၍ မသေအောင် ဂရုစိုက်ကြရသည်။ အဝယ်ဒိုင်များမှသည် သိုလှောင်စုဆောင်းထားသော ငါးလင်ပန်းအရှင်များကို နိုင်ငံခြားသို့ တင်ပို့ရောင်းချသော ဈေးကွက်လည်း ရှိနေပြီဖြစ်သည်။

 

ငါးလင်ပန်း မွေးမြူရေးနှင့် မွေးမြူနည်းဟူ၍ မတွေ့ရသော်လည်း ဂျပန်နိုင်ငံတွင် Anguilla japonica ဟုခေါ်သည့် ငါးလင်ပန်းကို စီးပွားဖြစ်မွေးမြူနေကြောင်းနှင့် အိမ်နီးချင်းနိုင်ငံအချို့တွင် ကျောက်တုံးထူထပ်သော စမ်းချောင်းကိုပိတ်၍ ငါးလင်ပန်းများမွေးမြူသည်ကို အင်တာနက် စာမျက်နှာများပေါ်တွင် တွေ့ရတတ်သည်။ မြန်မာနိုင်ငံတွင်လည်း ငါးလင်ပန်းမွေးမြူနိုင်သော ဒေသမြောက်မြားစွာရှိရာ နည်းလမ်းရှာဖွေ မွေးမြူနိုင်ပါက ငါးမျိုးလည်းတည်တံ့ စီးပွားလည်းဖြစ်နိုင်မည်ဟု တွေးဆမိပါကြောင်း။ ။