ရန်ကုန် ၁၄ ဇူလိုင်
ဒုတိယအကြိမ်မြောက် ငါးလုပ်ငန်းဆိုင်ရာ ဘာသာရပ် ဘွဲ့ကြိုသင်ရိုးညွှန်းတမ်းရေးဆွဲရေး အထောက်အကူပြု အလုပ်ရုံဆွေးနွေးပွဲကို ရန်ကုန်တက္ကသိုလ် အင်းယားလမ်း သတ္တဗေဒဌာန ရေနေသက်ရှိ သုတေသနဌာနဝင်း အတွင်း၌ ယနေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။
အဆိုပါဆွေးနွေးပွဲတွင် ရန်ကုန်တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာဖိုးကောင်း၊ MYSAP စီမံကိန်းမှ Mr.Peter Buri ၊ နယူးဇီလန်နိုင်ငံ Otago တက္ကသိုလ်မှ ဒုတိယပါမောက္ခ Dr Peter Mark ၊ ရန်ကုန်တက္ကသိုလ် သတ္တဗေဒ ဌာနမှ ဒေါက်တာအေးမိစံတို့က အမှာစကားပြောကြားခဲ့သည်။
“ငါးလုပ်ငန်းဆိုင်ရာဘာသာရပ် သင်ရိုးညွှန်းတမ်းကိုသင်ကြားမယ့် ဆရာ/ဆရာမတွေကို ပိုပြီးအရည်အသွေးမြှင့် တင်နိုင်ဖို့ GIZ ရဲ့ MYSAP Project နဲ့ပူးပေါင်းပြီး ငါးလုပ်ငန်းဆိုင်ရာ ဘာသာရပ်မှာ နာမည်ကြီးတက္ကသိုလ်တွေ ဖြစ်တဲ့ ဗီယက်နမ်က Can Tho University, University of Malaysia, Otago University, University of Tokyo စတဲ့တက္ကသိုလ်တွေက ဆရာဆရာမကြီးတွေကို ဖိတ်ကြားပြီး ဒီက ဆရာ/ဆရာမတွေကို အရည်အချင်း မြှင့်တဲ့အနေနဲ့ အလုပ်ရုံဆွေးနွေးပွဲလုပ်နေတာပါ” ဟု ရန်ကုန်တက္ကသိုလ် သတ္တဗေဒဌာန တွဲဖက်ပါမောက္ခ ဒေါက်တာကေလွင်ထွန်းက ပြောကြားသည်။
၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် ရန်ကုန်တက္ကသိုလ်၌ စတင်ဖွင့်လှစ်မည့် ငါးလုပ်ငန်းဆိုင်ရာ ဘာသာရပ်ပို့ချရန် ငါးလုပ်ငန်းပညာဘာသာရပ်ဖြင့် ဒေါက်တာဘွဲ့ ရရှိထားသူများနှင့် ငါးလုပ်ငန်း ပညာဘာသာရပ်ကို သုတေသနပြု လုပ်နေသူများထဲမှ သင်တန်းသား ၂၅ ဦးရွေးချယ်ကာ အရည်အချင်းမြှင့်တင်နေခြင်းဖြစ် ကြောင်း သိရသည်။
မြန်မာ့ရေသတ္တဝါ မွေးမြူရေးကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း (MYSAP)အား ဥရောပသမဂ္ဂနှင့် ဂျာမနီ စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးနှင့် ဖွံ့ဖြိုးရေးဝန်ကြီးဌာနတို့၏ ထောက်ပံ့မှုဖြင့် မြန်မာနိုင်ငံ ငါးလုပ်ငန်းဦးစီးဌာန နှင့် ဂျာမနီ စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး ကော်ပိုရေးရှင်းတို့ ပူးပေါင်းကာ အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်သည်။
အဆိုပါစီမံကိန်းသည် အဆင့်မြင့်ပညာကဏ္ဍတွင် နိုင်ငံတကာမှ ကျွမ်းကျင်သူများ၊ ပါမောက္ခများ ဖိတ်ခေါ်၍ ရန်ကုန်တက္ကသိုလ် သတ္တဗေဒဌာနတွင် ဆောင်ရွက်နေသော ငါးလုပ်ငန်းဆိုင်ရာ ဘာသာရပ် ဘွဲ့ကြိုသင်ရိုးညွှန်းတမ်းရေးဆွဲခြင်း၊ အထောက်အကူပြု အလုပ်ဆွေးနွေးပွဲများ ပြုလုပ်လျက်ရှိသည့်အပြင် သင်တန်းများအတွက် အသုံးပြုမည့် ဓာတ်ခွဲခန်းများ၊ စာသင်ခန်းများကို ပြုပြင်မွမ်းမံခြင်းနှင့် ဘွဲ့လွန်ကျောင်း သားများထဲမှ သင့်တော်သူများကို ဒေသတွင်းနိုင်ငံများရှိ တက္ကသိုလ်များသို့ ပညာတော်သင်စေလွှတ်ရန် စီစဉ် ဆောင်ရွက်လျက်ရှိသည်။
၂၀၁၈ ခုနှစ် ဒီဇင်ဘာလတွင် ရန်ကုန်တက္ကသိုလ် သတ္တဗေဒဌာန၌ စတင်ဖွင့်လှစ်သင်ကြားမည့် ငါးလုပ်ငန်းနှင့် ရေသတ္တဝါ မွေးမြူရေးဆိုင်ရာသိပ္ပံဘွဲ့သင်တန်းတွင် ကျောင်းသား ၅၀ ကို လက်ခံသင်ကြားပေးမည်ဖြစ် ကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ ရေသတ္တဝါမွေးမြူရေးကဏ္ဍသည် နှစ်စဉ်တိုးတက်လျက်ရှိပြီး ပြည်သူများ အာဟာရပြည့်ဝရေး၊ ဝင်ငွေနှင့်အလုပ်အကိုင် အခွင့်အလမ်းရရှိစေသော နိုင်ငံခြားငွေရှာဖွေပေးသည့် ကဏ္ဍကြီးတစ်ခုဖြစ်ပြီး၂၀၁၇-၂၀၁၈ခုနှစ်တွင် နိုင်ငံခြားသို့ အမေရိကန်ဒေါ်လာသန်းပေါင်း ၇၁၁ သန်းတန်ဖိုးရှိ ငါး၊ ပုစွန်တန်ချိန်ပေါင်း ၅၆၀ဝဝဝ တင်ပို့နိုင်ခဲ့ကာ နှစ်ပေါင်း ၂၀ အတွင်း ပို့ကုန်စံချိန်တင်ခဲ့သည်။
ထင်ပေါ်ဝင်း(ကမာရွတ်)၊ ဓာတ်ပုံ - ထိန်လင်း