နေပြည်တော် ၁၄ အောက်တိုဘာ

 

ငါး ပုစွန်အပါအဝင် ရေသတ္တဝါမွေးမြူဖမ်းဆီးထုတ်လုပ်ရေးကဏ္ဍသည် ဗီယက်နမ်နိုင်ငံ၌ အရေးပါသော ကဏ္ဍတစ်ရပ်ဖြစ်ပြီး ၂၀ဝ၃ ခုနှစ်၌အဆိုပါကဏ္ဍ၏ထုတ်လုပ်မှုသည် တိုင်းပြည်ဂျီဒီပီ (GDP) ၏ လေးရာခိုင် နှုန်း ခန့်အထိရှိပါသည်။ ၂၀ဝ၃ ခုနှစ်၌ ဗီယက်နမ်နိုင်ငံသည် ငါးနှင့် ပုစွန်အပါအဝင် တခြားသောရေထွက်ပစ္စည်းများတင်ပို့မှုမှ အမေရိကန် ဒေါ်လာ ၂ ဒသမ ၂ ဘီလီယံခန့် ရရှိခဲ့ပါသည်။ ဗီယက်နမ်နိုင်ငံ၏ ရေသတ္တဝါမွေးမြူရေးလုပ်ငန်းသည် နှစ်စဉ်ပုံမှန်တိုးတက်လျက်ရှိပြီး ရေချိုငါးမွေးမြူ ရေးလုပ်ငန်းသည် ရေသတ္တဝါမွေးမြူရေးလုပ်ငန်း၏ ၇၀ ရာခိုင်နှုန်းခန့် အထိရှိပါသည်။ ဤသို့သော တိုးတက်အောင်မြင်မှုများ၏ နောက်ကွယ်၌ ရေသတ္တဝါများဆိုင်ရာ ပညာရပ်များကို စနစ်တကျသင်ကြားပေးသည့်ဗီယက်နမ်နိုင်ငံရှိ Nha Trang University၊ Nong Lam University  နှင့် Tho University ကဲ့သို့သော တက္ကသိုလ်များကအရေးပါသည့်အခန်းကဏ္ဍမှ ပါဝင်လျက်ရှိပါသည်။

 

မြန်မာနိုင်ငံ၌ ငါး၊ ပုစွန်မွေးမြူရေးကန်ပေါင်း ၄၈၀ဝ၀ဝ ခန့် ရှိသော်လည်း အများစုသည် သဘာဝအတိုင်းမွေးမြူကြသည်ဖြစ်၍ ထုတ်လုပ်မှုပမာဏသည် သိသိသာသာတိုးပွားလာခြင်းမရှိပါ။ မြန်မာနိုင်ငံ၏ ရေသတ္တဝါမွေးမြူထုတ်လုပ်ရေးကဏ္ဍကို ဗီယက်နမ်နိုင်ငံအပါအဝင် တခြားသောနိုင်ငံများကဲ့သို့ တိုးတက်မှုရှိလာစေရန် ဆောင်ရွက်မည်ဆိုပါက ရေသတ္တဝါများဆိုင်ရာ ပညာရပ်တို့ကို စနစ်တကျသင်ကြားပေး မည့်တက္ကသိုလ်များကို ထူထောင်ကြရမည်ဖြစ်ပါသည်။ အဆိုပါလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် မြန်မာနိုင်ငံ၌ ငါးလုပ်ငန်းဆိုင်ရာတက္ကသိုလ်ကို ၂၀၁၈ ခုနှစ်ကုန်ပိုင်း၌ ဖွင့်လှစ်တော့မည် ဖြစ်ပါသည်။

 

ငါးလုပ်ငန်းဆိုင်ရာတက္ကသိုလ်ကို ဖွင့်လှစ်သင်ကြားနိုင်ရေးအတွက် ဘာသာရပ်ဆိုင်ရာ သင်ရိုးညွှန်းတမ်းများ ရေးဆွဲရာ၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနသည် ရေလုပ်ငန်းဆိုင်ရာ အဖွဲ့အစည်းများ အပါအဝင် သက်ဆိုင်ရာ ပညာရှင်များနှင့် ညှိနှိုင်းရေးဆွဲခဲ့ခြင်း ဖြစ်ပါသည်။ ဤသင်ရိုးòန်းတမ်းတို့၏ ပင်မရည်ရွယ်ချက်သည် မြန်မာနိုင်ငံ၏ ငါးသယံဇာတများထိန်းသိမ်းရေးနှင့် ရေသတ္တဝါမွေးမြူရေးကဏ္ဍ ဖွံ့ ဖြိုး တိုးတက်လာစေရေး ဖြစ်ပါသည်။ ဗီယက်နမ်နိုင်ငံအပါအဝင် တခြားသော နိုင်ငံတို့၏ အတွေ့အကြုံကို လေ့လာသုံးသပ်ပါက ရေသတ္တဝါမွေးမြူရေးကဏ္ဍ ဖွံ့ ဖြိုးတိုးတက်ရေးအတွက် အထူးပြုကျွမ်းကျင်သူများ လိုအပ်သည်မှာ အထင်အရှားဖြစ်ပါသည်။ ယခုဖွင့်လှစ်မည့် ငါးလုပ်ငန်းဆိုင်ရာ တက္ကသိုလ်က ဤလိုအပ်ချက်ကို အတိုင်းအတာတစ်ခုအထိ ဖြည့်ဆည်းပေးသွားမည် ဖြစ်ပါသည်။

 

ငါးလုပ်ငန်းဆိုင်ရာတက္ကသိုလ်၌ သင်ကြားပို့ချရာတွင် စာတွေ့လက်တွေ့သင်ကြားပေးသွားမည်ဖြစ်ပြီး ခေတ်မီဓာတ်ခွဲခန်းများကို တပ်ဆင်ထားရှိသွားမည် ဖြစ်ပါသည်။ ထို့အပြင် ကျောင်းသား ကျောင်းသူများကို လက်တွေ့လုပ်ငန်းခွင် အတွေ့အကြုံရရှိစေရန် ငါး၊ ပုစွန် မွေးမြူရေးကန်များနှင့် ငါးတန်ဖိုးမြှင့်ထုတ်ကုန်စက်ရုံကဲ့သို့သော နေရာများ၌ အလုပ်သင်အဖြစ် တစ်လတာလုပ်ကိုင်စေမည် ဖြစ်ပါသည်။ လိုအပ်သည့်သင်ကြားမှုများ ပြည့်စုံပြီးမြောက်ပါက B.Sc. (Fisheries and Aquaculture) ကို ပေးအပ်သွားမည်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ တိုင်းပြည် ၏ လိုအပ်ချက်နှင့်အညီ ပေါ်ထွန်းလာတော့မည့် ငါးလုပ်ငန်းဆိုင်ရာတက္ကသိုလ်ကို ဂုဏ်ပြုကြိုဆိုပါကြောင်း လေးစားစွာ တင်ပြအပ်ပါသည်။ ။