နေပြည်တော် မေ ၁၇

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ယနေ့နံနက်ပိုင်းတွင် ရွှေပြည်သာမြို့နယ် ငွေပင်လယ် ငါးချဆိပ်ကမ်း၌ ရန်ကုန်တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနက ဖွင့်လှစ်ပို့ချသည့် ပင်လယ်ငါးဖမ်း ရေလုပ်သားများအတွက် အခြေခံလုပ်ငန်းကျွမ်းကျင်မှု သင်တန်း (၄/၂၀၂၄) သင်တန်းဖွင့်ပွဲသို့ တက်ရောက်အားပေးသည်။

 

သင်တန်းသားများနှင့်တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက ပင်လယ်ပြင် ငါးဖမ်းလုပ်ငန်းခွင်အတွင်း ထိခိုက်မှုမရှိစေရေး၊ မြန်မာ့ပင်လယ်ငါးလုပ်ငန်းဥပဒေနှင့်အညီ လိုက်နာဆောင်ရွက်ရမည့် အချက်များ၊ သဘာဝဘေးအန္တရာယ်များနှင့် ကြုံတွေ့ရပါက လုပ်ဆောင်ရမည့် အစီအမံများ၊ လုပ်ငန်းခွင်ကျန်းမာရေးနှင့် ပတ်သက်သည့် ဆောင်ရန်၊ ရှောင်ရန် အချက်များ၊ ပင်လယ်ငါးဖမ်းယာဉ် ငါးသယ်ရေယာဉ်များအား စောင့်ကြည့်ထိန်းချုပ်သည့် စနစ်များနှင့် ထုတ်ပြန်ထားသော ညွှန်ကြားချက်များကို စနစ်တကျလိုက်နာ ဆောင်ရွက်ရန်လိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။

 

ငါးမဖမ်းရ ရာသီပိတ်ကာလဖြစ်သည့် ဧပြီ၊ မေ၊ ဇွန်လများတွင် ရန်ကုန်တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနက ပင်လယ်ငါးဖမ်း ရေလုပ်သားများကို အခြေခံလုပ်ငန်းခွင် ကျွမ်းကျင်မှု သင်တန်းများကို ငါးချဆိပ်ကမ်းများ၌ ဖွင့်လှစ်ပေးလျက်ရှိကြောင်း၊ သင်တန်းတွင် ပင်လယ်ငါးဖမ်းလုပ်ငန်း ရေလုပ်သားများကို လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းစွာ ဆောင်ရွက်နိုင်ကြစေရန်နှင့် လိုက်နာဆောင်ရွက်ရမည့်ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများအား စနစ်တကျ သိရှိသဘောပေါက်စေရန် ပို့ချဆွေးနွေးပေးလျက်ရှိကြောင်း သိရသည်။

 

ထို့နောက် ဒုတိယဝန်ကြီးသည် အင်းစိန်မြို့နယ် အနောက်ကြို့ကုန်းရှိ ငါးလုပ်ငန်းဦးစီးဌာန၊ အရည်အသွေးထိန်းသိမ်းရေးနှင့် သုတေသနဌာနစု၏ လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။

 

ယင်းနောက် ဒုတိယဝန်ကြီးသည် အင်းစိန်မြို့နယ်ရှိ မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ် အစည်းဝေးခန်းမ(၁)၌ မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်၊ မြန်မာနိုင်ငံ ရေထွက်ပစ္စည်း ထုတ်လုပ်သူများနှင့် ပို့ကုန်လုပ်ငန်းရှင်များအသင်း၊ ညီနောင်အသင်းများမှ တာဝန်ရှိသူများအား တွေ့ဆုံ၍ ရေလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ဌာနနှင့် အသင်းအဖွဲ့များ ပုဂ္ဂလိကများ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန်ကိစ္စရပ်များကို ဆွေးနွေးပြောကြားပြီး လုပ်ငန်းရှင်များ၏ တင်ပြချက်အပေါ် ညှိနှိုင်းပေါင်းစပ်ဆွေးနွေးသည်။

 

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် အနောက်ကြို့ကုန်းရှိ Tow Rivers Company Limited နှင့် Ocean Pacific Cold Storage အအေးခန်းစက်ရုံတို့၏ ပြည်ပသို့တင်ပို့မည့် ရေထွက်ကုန်များ ပြုပြင်ထုပ်ပိုးမှုလုပ်ငန်းများကို လည်းကောင်း၊ ကြို့ကုန်းငါးချဆိပ်ကမ်းတွင် ငါးဖမ်းလှေများ ထိန်းသိမ်းထားရှိမှုနှင့် လုပ်ငန်းဆောင်ရွက်နေမှုများကို လည်းကောင်း ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လုပ်ငန်းဆိုင်ရာ လိုအပ်ချက်များဖြည့်စွက် ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်