ကလေး ၃၀  မေ

 

ငါးလုပ်ငန်းရာသီအတွက် ဂရန်အင်းများမှ ငါးအထွက်နှုန်းတိုးတက်စေရန်၊ အင်းနယ်နိမိတ် အားကာကွယ်စောင့်ရှောက်ရန်နှင့် အင်းရာသီအတွင်း ငါးကုန်/ ရေခမ်းဖမ်းဆီးခြင်းအပြုလုပ်ဘဲ အင်းရေချန်/ ငါးရေချန် စနစ်လုပ်ကိုင်စေရန်တို့ကို ရည်ရွယ်၍ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၏ ၂၀၁၉−၂၀၂၀ ပြည့်နှစ်၊ ငါးလုပ်ငန်းရာသီအတွက် တမူးမြို့နယ်အတွင်းရှိ အင်း ၁၂ နေရာ နှင့် တင်ဒါငါးဖမ်းကွက် ငါးနေရာတို့ကို သက်ဆိုင်ရာရပ်ကွက်/ကျေးရွာအုပ်စုအတွင်းရှိ ရေလုပ်ငန်း လုပ်ကိုင်သူများအား ပထမအကြိမ် အိတ်ဖွင့်လေလံတင်ရောင်းချပေးခြင်းကို ဇွန်လ ၅ ရက်နေ့ နံနက် ၁၀ နာရီတွင် အင်းလေလံစည်းကမ်းချက်၊ တင်ဒါလေလံစည်းကမ်းချက်များနှင့်အညီ တမူးမြို့ ငါးလုပ်ငန်း ဦးစီးဌာနရုံး၌ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

 

တမူးမြို့နယ်အတွင်းရှိ ဂရန်အင်းများမှာ ချောင်းဆုံအင်း၊ အင်ဒိုင်းအင်း၊ ပွတ်သာအင်း၊ ပင်သားအင်း၊ ခမ်းပတ်အင်း၊ စွန်လည်အင်း၊ ထင်စင်အင်း၊ မလူအင်း၊ ဝိတုတ်အင်း၊ ရွာသာအင်း၊ စမိတ်အင်း၊ ဟဲဇင်းအင်း စုစုပေါင်း အင်း ၁၂ နေရာ တို့ဈေးပြိုင်စနစ်ဖြင့်ရောင်းချမည်ဖြစ်ပြီး အဆိုပါအင်းများအတွက် တင်ပြရမည့် စပေါ်ငွေမှာ အင်းတစ်နေရာလျှင် ၁၀ဝ ရာခိုင်နှုန်းစီဖြစ်ကြောင်း၊ ရောင်းချမည် တင်ဒါငါးဖမ်းကွက်များမှာ မင်းသမီးငါးဖမ်းကွက်၊ ကွန်းတောင်းငါးဖမ်းကွက်၊ ထုံကတင်၊ နောင်ကတ်ငါးဖမ်းကွက်၊ မင်းသာ၊ လှည်းဆိပ် ငါးဖမ်းကွက်၊ မြို့သစ်ငါးဖမ်းကွက် စုစုပေါင်း ငါးဖမ်းကွက် ငါးနေရာတို့အား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချသွားမည်ဖြစ်ကြောင်း တမူးမြို့ ငါးလုပ်ငန်းဦးစီးဌာန၏ အိတ်ဖွင့် လေလံတင် ရောင်းချခြင်းကြော်ငြာအရ သိရသည်။

 

ဂရန်အင်းများသည် နိုင်ငံတော်ပိုင်သယံဇာတများဖြစ်ကြောင်း၊ အင်းလုပ်ငန်းသည် သဘာဝကထွက်ရှိသော ငါးများကို ဖမ်းဆီးရသည့် လုပ်ငန်းဖြစ်တာနှင့်အညီ ရေရှည်စဉ်ဆက်မပြတ် ငါးဖမ်းဆီးထုတ်လုပ်နိုင်ရန်အတွက် အဆိုပါဂရန်အင်းရဲ့ ငါးမျိုးစိတ်များမပြုန်းတီးစေရန်ဖြစ်ကြောင်း၊ ငါးမျိုးများပြုန်းတီးနိုင်တဲ့ တရားမဝင် ငါးဖမ်းကိရိယာများဖြင့် အသုံးပြုခြင်းမှ ကာကွယ်ကြီးကြပ်ရန် ဖြစ်ကြောင်း၊  ငါးရစ်ငါးသန်ရာသီချိန် တားမြစ်ကာလတွင် ငါးဖမ်းဆီးမှုမရှိစေရန်အတွက် အင်းလေလံဆွဲ ဝယ်ယူရရှိသူတွေက တာဝန်သိမှု တာဝန်ရှိမှုများဖြင့် အလေးထားကြရန်လိုကြောင်း ခရိုင်ငါးလုပ်ငန်း ဦးစီးဌာနမှူး ဦးစိုးမြင့်သိန်းက၏ ပြောကြားချက်အရ သိရသည်။

 

သန်းထိုက်အောင်(ပြန်/ဆက်)