နေပြည်တော်၊ ဖေဖော်ဝါရီ (၅)
ငါးလုပ်ငန်းရေရှည် တိုးတက်စေရေး၊ နောင်လာမည့် အနာဂတ်ကာလတွင် ငါးရိက္ခာ ဖူလုံစေရေးနှင့် ရေနေသတ္တဝါများ၏ သဘာဝပတ်ဝန်းကျင်ကို မထိခိုက် မပျက်စီးစေရေးအတွက် မှန်ကန်ထိရောက်သော ငါးလုပ်ငန်း စီမံခန့်ခွဲမှုဖြစ်စေရန်နှင့် ငါးလုပ်ငန်းဦးစီးဌာန အရာထမ်း အမှုထမ်းများအားလုံး အရည်အချင်း မြင့်မားစေရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့် အစဉ်တစ်စိုက် ဖြည့်ဆည်းကြပ်မတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း ယနေ့တွင် နေပြည်တော်၊ ရုံးအမှတ် (၃၆) ၌ ကျင်းပသည့် ငါးလုပ်ငန်းဦးစီးဌာန၊ အရာထမ်းများ စွမ်းဆောင်ရည် မြှင့်တင်ရေး သင်တန်း အမှတ်စဉ် (၂/၂၀၂၄) သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီးက ပြောကြားသည်။
ဆက်လက်၍ဒုတိယဝန်ကြီးက ရေချို၊ ရေငန် ငါး၊ ပုစွန်သယံဇာတ နှစ်ရပ်လုံး ပေါများကြွယ်ဝသည့် မိမိတို့နိုင်ငံအနေဖြင့် ငါးလုပ်ငန်းကဏ္ဍသည် လူမှုရေး၊ စီးပွားရေး အတွက် လွန်စွာအရေးပါသည့် အခန်းကဏ္ဍတစ်ခုဖြစ်သည်ကို သတိပြုကြရန်လိုကြောင်း၊ ပြည်တွင်းစားသုံးမှုသာမက ပြည်ပပို့ကုန် အဖြစ် နိုင်ငံခြားဝင်ငွေ ရရှိသောလုပ်ငန်းတစ်ခုလည်းဖြစ်ရာ မွေးမြူခြင်း၊ ဖမ်းဆီးခြင်း၊ ပြုပြင်အေးခဲ ထုတ်လုပ်ခြင်း၊ တင်ပို့ခြင်းစသည့် လုပ်ငန်းများတွင် မှန်ကန်စွာ ထိန်းသိမ်း စီမံခန့်ခွဲရန် လိုအပ်ကြောင်း ပြောကြားသည်။
အဆိုပါ သင်တန်းအမှတ်စဉ် (၂/၂၀၂၄) သင်တန်းတွင် ငါးလုပ်ငန်းများနှင့် ဆက်လျဉ်းသည့် စီမံခန့်ခွဲမှု လုပ်ငန်းများ၊ ရုံးလုပ်ငန်း၊ ငွေစာရင်းလုပ်ငန်း၊ ဒေသအလိုက် ဆောင်ရွက်လျက်ရှိသည့် ငါးလုပ်ငန်း ဖွံ့ဖြိုးရေးဆိုင်ရာများကို စနစ်တကျပိုမိုသိရှိနိုင်စေရေးအတွက် တိုင်းဒေသကြီး ပြည်နယ်များမှ သင်တန်းသား သင်တန်းသူ (၂၁)ဦး၊ Online ဖြင့်တက်ရောက်သူ (၅)ဦး၊ စုစုပေါင်း သင်တန်းသား သင်တန်းသူ (၂၆) ဦး တက်ရောက်ကြမှာဖြစ်ပြီး သင်တန်းကာလ (၅) ရက်ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်