စေတုတ္တရာ ၁၁ ဇူလိုင်
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် ကျေးလက်လမ်း ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်နေသည့် ငမ-သံဆည်-ကြီးအုံ ကျေးရွာချင်းဆက်လမ်းအား လမ်းတာချဲ့၍ မြေသားလမ်းဖောက်လုပ်ခြင်းလုပ်ငန်းမှာ (၇၂)ရာခိုင်နှုန်း ပြီးစီးသွားပြီဖြစ်ကြောင်း မြို့နယ်ကျေးလက်လမ်း ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ (မြို့ပြ) ဒေါ်နိုင်နိုင်ရွှေထံမှ သိရသည်။
လမ်းတာချဲ့၍ မြေသားလမ်းဖောက်လုပ်ခြင်းလုပ်ငန်းကို ငမကျေးရွာ၊ သံဆည်ကျေးရွာနှင့် ကြီအုံးကျေးရွာတို့မှ ဒေသခံပြည်သူများ လယ်ယာထွက်ကုန်များ တင်ပို့ရောင်းချရန်နှင့် သွားလာမှု အဆင်ပြေစေရေးအတွက် လမ်းအရှည် ၆ မိုင် ၁ ဖာလုံ၊ လမ်းအကျယ် ပေ(၃၀)ရှိသော ကျေးရွာချင်းဆက် မြေသားလမ်းကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် တိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေ ကျပ်သန်း (၁၀၀)ဖြင့် မတ်လ ၁၇ ရက်မှစတင်၍ လမ်းတာချဲ့၍ မြေသားလမ်းဖောက်လုပ်ခြင်းလုပ်ငန်းအား အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယခုအခါ (၇၂)ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ ကျေးရွာချင်းဆက်လမ်းလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးသွားပါက ငမကျေးရွာ၊ သံဆည်ကျေးရွာနှင့် ကြီးအုံကျေးရွာတို့ရှိ အိမ်ထောင်စု ၄၀၀ ကျော်၊ လူဦးရေ ၁၈၀၀ ကျော်တို့အား သွားလာမှုအဆင်ပြေနိုင်ရေးအတွက် အကျိုးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။
စည်သူလွင်(ပြန်/ဆက်)


