ရန်ကုန်  ၁၀  နိုဝင်ဘာ

ငါးမွေးမြူရေးလုပ်ငန်း လိုင်စင်အများဆုံးတည်ရှိရာ ရန်ကုန်တိုင်းဒေသကြီးတွင် ရန်ကုန်တိုင်းဒေသကြီး ငါးလုပ်ငန်း ဦးစီးဌာနအနေဖြင့် ခေတ်အဆက်ဆက် မပြတ်မသား ကျန်ရှိနေသော ငါးမွေးမြူရေး လုပ်ငန်းလိုင်စင်အခွန် အကြွေးကျန်များကို ရှင်းလင်းကွဲပြားစွာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။

 

မြေယာပြဿနာ အများဆုံးရင်ဆိုင်နေရသော ရန်ကုန်တိုင်းဒေသကြီးတွင် ငါးလုပ်ငန်းဦးစီးဌာနမှ နိုင်ငံတော်အတွက် ငါးလုပ်ငန်းလိုင်စင်အခွ န်ငွေများရရှိရန် ကျန်ရှိနေပြီး စာရင်းသာရှိ၍ မွေးမြူသူမရှိသော ငါးကန်မြေနေရာများကိုလည်း စာရင်းပယ်ဖျက်ရန် ကျန်ရှိသောကြောင့် ရှင်းလင်းပြတ်သားစွာ ယခုနှစ်အတွင်း ဆောင်ရွက်သွားမည်ဖြစ်သည်။ “စာရင်းမှာရှိနေတယ်။ သွားကြည့်တဲ့အခါမှာ ပိုင်ရှင်မရှိ၊ ကန်မရှိတာလည်း ရှိတယ်။ စာရင်းရှိတဲ့ အချို့လည်း နိုင်ငံတော်ကို ပေးရမယ့် အခွန်အကြွေးတွေ ရှိနေတယ်။ ငါးလုပ်ငန်းဌာန တစ်ခုတည်း မလုပ်ဆောင်ဘဲ ငါးမွေးကန်ရှိတဲ့ နေရာကရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးတို့ရဲ့ ဓာတ်ပုံမှတ်တမ်းတွေ၊ ထောက်ခံချက်တွေနဲ့ အမှုတည်ဆောက်ပြီး ဆောင်ရွက်မှာပါ။ ငါးမွေးမြူရေး လုပ်ငန်းအခွန်အကြွေးတွေ ရှိတာကြောင့် ရှင်းလင်းပြီး သူတို့တွေက ပယ်ဖျက်လွှာ တင်ရင်ဒီက ပယ်ဖျက်လွှာ ဆောင်ရွက်ပြီးတော့ အဲဒီဟာကို စီမံချက်ထား ဆောင်ရွက်သွားမှာပါ။ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ နိုင်ငံတော်က ရမယ့်အကြွေးတွေ အများကြီး ရှိနေတာလေ ဟု ရန်ကုန်တိုင်း ဒေသကြီး ငါးလုပ်ငန်း ဦးစီးဌာနမှ တိုင်းဦးစီးမှူး ဒေါက်တာယဉ်ယဉ်မိုးက ပြောသည်။

 

ငါးမွေးမြူရေး လိုင်စင်အခွန် အကြွေးသည် မြေယာပိုင်ဆိုင်မှု မရှင်းလင်းမှုကြောင့်ဖြစ်ပေါ်သော အကြွေးနှင့် အခွန်မဆောင်သော အကြွေးဟူ၍ ရှင်းလင်း ကွဲပြားစွာ ဆောင်ရွက်သွားမည်ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးတို့တွင် အများဆုံးဖြစ်ရာ ရန်ကုန်တိုင်းဒေသကြီးသည် မြေယာပြဿနာ အများဆုံး ဖြစ်သောကြောင့် အမှန်တကယ် ငါးမွေးမြူထုတ်လုပ်ခြင်း၊ အခြားနည်း သုံးစွဲထားခြင်း၊ အသုံးပြုမှုမရှိခြင်းနှင့် အသုံးပြုလျက် အခွန်ပေးရန်ကျန်ရှိခြင်း တို့ကို ရှင်းလင်းပြတ်သားစွာ ဆောင်ရွက်သွားမည်ဖြစ်သောကြောင့် နိုင်ငံတော်အတွက် အခက်အခဲ တစ်ခုသဖွယ် ရင်ဆိုင်နေရမှုကို ဖြေရှင်းဆောင်ရွက်နိုင်မည်ဖြစ်သည်။

 

အဆိုပါ ဆောင်ရွက်မှုအား တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီး ဌာနမှဒုတိယတိုင်းဦးစီးမှူး ဦးဆောင်၍ သက်ဆိုင်ရာ မြို့နယ်များမှ ဌာနဆိုင်ရာများနှင့် ပူးပေါင်းကာလိုင်စင်ခွန် အကြွေးကျန်များကို ရှင်းလင်းပြတ်သားစွာ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ငါးလုပ်ငန်း ဦးစီးဌာနမှ သိရသည်။

သန်းထိုက်

ဓာတ်ပုံ-သန်းစိုး