မန္တလေး ၁၅   ဇွန်

 

မြန်မာနိုင်ငံ ငါးလုပ်ငန်းဦးစီးဌာနမှ ပြည်တွင်းငါးမွေးမြူရေး လုပ်ငန်းအား နိုင်ငံတကာ စံနှုန်းများနှင့် ကိုက်ညီသည့် ကောင်းမွန်သော ရေသတ္တဝါ မွေးမြူရေးကျင့်စဉ် Good Aquaculture Practices (GAQP) စနစ်ဖြင့် စနစ်တကျ မွေးမြူနိုင်ရေးအတွက် အသိပညာပေး စည်းရုံးမှုများ လုပ်ဆောင်လျက်ရှိကြောင်း မန္တလေးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးပေါ်လွင်က ပြောကြားသည်။

 

ငါးမွေးမြူရေးလုပ်ငန်းသည် နိုင်ငံတကာနှင့် ဆက်ဆံရသည့်အတွက် မွေးမြူရေးငါးများအား ပြည်တွင်းသာမက ပြည်ပဈေးကွက်သို့ တင်ပို့ဖြန့်ဖြူးနိုင်ရန် အစားအစာ ဘေးကင်းလုံခြုံရေးအတွက် နိုင်ငံတကာမှ အသိအမှတ်ပြုထားသည့် စံနှုန်းများရရှိစေရန် (GAQP) စနစ်ကို ဆောင်ရွက်ခြင်းဖြစ်ပြီး အဆိုပါစနစ်တွင် ပါဝင်သည့် ငါးမွေးကန်တူးဖော်ခြင်း၊ ရေသွင်းရေထုတ်စနစ် ကောင်းမွန်ခြင်း၊ ဆေးဝါးသုံးစွဲခြင်း၊ အစာသိုလှောင် ကျွေးမွေးခြင်း၊ ပြုစုစောင့်ရှောက်ခြင်းများအပြင် ငါးများ ဖမ်းယူ၍ ဈေးကွက်သို့ တင်ပို့ရောင်းချသည်အထိ လမ်းညွှန်ချက်များအား စနစ်တကျ လိုက်နာဆောင်ရွက်နိုင်ရန် လက်ရှိအချိန်တွင် ငါးမွေးတောင်သူများအား စည်းရုံးပြောဆို၍ သင်တန်းများ ဖွင့်လှစ်ပို့ချပေးလျက် ရှိကြောင်း သိရသည်။

 

“သမရိုးကျ ငါးမွေးမြူရေးလုပ်ငန်းကနေ ကောင်းမွန်တဲ့ ငါးမွေးမြူရေး ကျင့်စဉ်နဲ့အညီ စနစ်တကျ မွေးမြူနိုင်ဖို့ ငါးမွေးတောင်သူတွေကို မနှစ်ကစပြီး ပညာပေးသင်တန်းတွေ ဖွင့်လှစ်ပြီး လိုက်နာဆောင်ရွက်နိုင်အောင် စည်းရုံးမှုတွေ ပြုလုပ်နေပါတယ်။ (GAQP) စနစ်နဲ့ မွေးမြူဖို့ဆိုရင် ကန်တူးမယ့် နေရာအတွက် မြေပိုင်ဆိုင်မှုကို သက်ဆိုင်ရာဌာနတွေက ချထားပေးမှာဖြစ်ပြီး ဒီစနစ်နဲ့ ကိုက်ညီမယ့် ကန်တူးရမယ့်နေရာတွေ ရွေးချွယ်ပေးဖို့နဲ့ ပါဝင်ရမယ့် နည်းစနစ်တွေကိုတော့ ကျွန်တော်တို့ ငါးလုပ်ငန်း ဦးစီးဌာနက ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။ ဒီ (GAQP) စနစ်နဲ့ ပတ်သက်ပြီး ဌာနက ဖွဲ့စည်းထားတဲ့ ကျွမ်းကျင်ပညာရှင်တွေက ကွင်းဆင်းစစ်ဆေးပြီး ၎င်းအဖွဲ့ရဲ့ ထောက်ခံချက်နဲ့သာ (GAQP) လက်မှတ်ကို ထုတ်ပေးမှာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

 

လက်ရှိအချိန်တွင် ငါးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် မန္တလေးမြို့ အောင်မြေသာစံမြို့နယ် သရက်ကုန်း ငါးလုပ်ငန်းဝင်းအတွင်းရှိ ရေချိုငါးမွေးမြူရေး သုတေသနနှင့် တိုးချဲ့ပညာပေးရေး ဗဟိုဌာနတွင် မျိုးငါးများ ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ ငါးမုံငါးသန် ပြုစုစောင့်ရှောက်ခြင်း၊ ဆေးထိုးသားဖောက်ခြင်း၊ တိုင်းရင်းငါးများ ပြုစုစောင့်ရှောက်ခြင်း၊ ကျန်းမာရေး စောင့်ရှောက်ခြင်း၊ သက်ရှိအစာ မွေးမြူထုတ်လုပ်ခြင်းနှင့် YY Super Male တီလားဗီးယား စမ်းသပ်မွေးမြူခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း အဆိုပါ သုတေသနဗဟိုဌာနမှ တာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မော်မော်သန်းက ပြောသည်။

 

mdn

 

“ဒီလုပ်ငန်းစဉ်တွေအနက် လက်ရှိကာလမှာ သက်ရှိအစာ မွေးမြူထုတ်လုပ်တဲ့ လုပ်ငန်းက ကျွန်မတို့ဌာနက အကြီးအကဲတွေရဲ့ ပူးပေါင်း ပါဝင်တွန်းအားပေးမှုကြောင့် အတိုင်းအတာ တစ်ခုအထိ အောင်မြင်မှုတွေ ရရှိနေပါပြီ။ ဆက်လက်ပြီး သုတေသနလုပ်ငန်းတွေရဲ့ ရလဒ်ပေါ်မူတည်ပြီး ငါးမွေးတောင်သူတွေနဲ့ ငါးလုပ်ငန်းစခန်းတွေမှာရှိတဲ့ ငါးသားပေါက်တေွ ရှင်သန်ကြီးထွားမှုနှုန်း ကောင်းစေဖို့ သက်ရှိအစာတွေကို ကျွေးနိုင်အောင် ဖြန့်ဖြူးပေးဖို့ ကြိုးစားသွားမယ့်အပြင် ပညာပေးလုပ်ငန်းတွေကိုလည်း လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

 

အဆိုပါ ရေချိုငါးမွေးမြူရေး သုတေသနနှင့် တိုးချဲ့ပညာပေးရေး ဗဟိုဌာနကို မြန်မာနိုင်ငံ ငါးလုပ်ငန်း ဦးစီးဌာနနှင့် ကိုရီးယားနိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အေဂျင်စီ (KOICA) တို့ ပူးပေါင်းကာ ၂၀၁၆ ဩဂုတ်လမှစတင်၍ အကောင်အထည်ဖော် တည်ဆောက်ခဲ့ပြီး အဆိုပါစင်တာအား ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၁၉ ရက်နေ့တွင် စတင်ဖွင့်လှစ်၍ ရေချိုငါးမွေးမြူရေးလုပ်ငန်းများ  စဉ်ဆက်မပြတ် မွေးမြူထုတ်လုပ်နိုင်ရန် သုတေသနလုပ်ငန်းများနှင့် ရရှိလာသော သုတေသန စမ်းသပ်ချက်များအား ငါးမွေးတောင်သူများ တက္ကသိုလ် ကျောင်းသားကျောင်းသူများနှင့် ငါးမွေးမြူရေးလုပ်ငန်း စိတ်ဝင်စားသူများကို အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

မင်းထက်အောင်(မန်းကိုယ်ပွား)

 

mdn