ရန်ကုန် ၁ ဇူလိုင်
ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကဌလာပ မြို့နယ်(၁၅)ရပ်ကွက် ဘေလီ တံတား အနီးရှိ ပါရမီလမ်းနှင့် ရွှေပြည်ခိုင် ညာလမ်း ငမိုးရိပ်ချောင်း(တောင်ဥက္ကဌလာပဘက်ခြမ်း)တွင်ဆောင်ရွက်နေသော ကမ်းပြို ကာကွယ်ရေး လုပ်ငန်းသည် (၆၀) ရာခိုင်နှုန်းကျော်ပြီးစီးနေပြီး သြဂုတ်လကုန်ခန့်တွင် အပြီး ဆောင်ရွက်နိုင်ရန် လျာထားကြောင်း ရန်ကုန်တိုင်းဒေသကြီးရေအရင်းအမြစ် နှင့်မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒေသ(၁) မှသိရသည်။
" ဒီစီမံကိန်း အခုဆောင်ရွက်နေတာ လုပ်ငန်းပြီးစီးမှုအနေနဲ့ ၆၀ ရာ ခိုင်နှုန်းကျော်လာပြီပေါ့။ စီမံကိန်းအားလုံး ပြီးစီးဖို့ကိုတော့ လာမဲ့သြဂုတ်လအပြီး ဆောင်ရွက်နိုင်ဖို့ လုပ်ဆောင်နေပါတယ်၊ ဒီလို ကမ်းပြိုတဲ့ အကြောင်းက ရေနက်စီးကြောင်း ရှိတဲ့အတွက် ကမ်းတစ်ဖက်တစ်ချက်မှာ Basic Level တိုက်စားခံရတာပါ၊ မြစ်ကွေးရဲ့အပြင်ဘက်မှာကမ်းတွေရှိနေတာတွေကြောင့်တိုက်စား ခံရ တာပါ၊ မြေသား ညံ့တဲ့နေရာတွေမှာလည်း တိုက်စားခံရတာပါ၊ဒီနေရာတွေကို ကွန်ကရစ်ပစ္စည်းတွေ အသုံးပြုပြီး လုပ်နေတယ်၊ ဒါတွေကိုရေရှည်တည်တံ့ဖို့က ကမ်းပါးတွေကို ထိန်းနိုင်မယ့် ဒီရေတော အပင်တွေ စိုက်ပျိုးသွားဖို့ ရှိတယ်၊ ပတ်ဝန်းကျင်အနေနဲ့ကလည်းဒီလိုကမ်းပါးထိန်းဆောင်ရွက်ထားတဲ့နေရာတွေမှာ အမှိုက်တွေ မပစ်ဖို့သတိပေးလိုတယ်၊ အမှိုက်တွေ စွန့်ပစ်ပစ္စည်းတွေကြောင့် ကြွက်တွေ လာအောင်းမယ်မြေကြီးတွေကို ကြွက်ဖောက်မယ်ဆိုရင်တွင်းတွေ၊ ဂလိုင်တွေဖြစ်ပြီး ကြာရှည် လာရင်တော့ ကမ်းပြိုမှုကို အားပေးရာရောက် ပါတယ်"ဟု ရန်ကုန်တိုင်းဒေသကြီး ရေအရင်းအမြစ် နှင့်မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဒေသ(၁) မှ ဒုတိယညွှန်ကြားရေးမှုး ဦးကျော်ဝင်းလှိုင်က ပြောသည်။
ထိုစီမံကိန်းကို ရေအရင်းမြစ်နှင့် မြစ်ချောင်းများ ဖွံဖြိုးတိုးတက်ရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် တင်ဒါအောင်မြင်သော စံညွှန်းသစ် ကုမ္ပဏီမှ တာဝန်ယူကာ ယခုနှစ် မတ် လ( ၁၀ )ရက်နေ့မှစတင်ပြီး သြဂုတ်လကုန်ပိုင်း အပြီးဆောင်ရွက်ရန် လျာထားကြောင်းသိရသည်။ ထိုကမ်းပြို ကာကွယ်ရေးစီမံကိန်းသည် ဘိုးပိုင်အခြေပြု ကျောက်စီမြေထိန်းနံရံ တည်ဆောက်ရေးစီမံကိန်း ဖြစ်သည်။
ထိုစီမံကိန်း ပြီးစီးလျှင် မိုးရိပ်ချောင်းနှင့် ထိစပ်နေသော တောင်ဥက္ကလာပမြို့နယ် (၁၅)ရပ်ကွက်နှင့် ချောင်းကမ်းတစ်လျောက် နေရာများသည် ရေကြီးရေလျံမှုများကို လျော့ချကာကွယ်နိုင်ပြီး ကမ်းသာယာမှု နှင့်အတူ ပြည်သူများအနေဖြင့်ငမိုး ရိပ်ချောင်းတစ်လျောက် လမ်းလျောက်ခြင်း/ ကိုယ်လက် လေ့ကျင့်ခန်းများ ဆောင်ရွက်ခြင်း/ အပန်းဖြေခြင်း လေကောင်းလေသန့် ရရှိစေမည့် ဖြစ်ကြောင်း သိရသည်။
သတင်း-မျိုးမင်းသိန်း(မရမ်းကုန်း)
ဓါတ်ပုံ-မျိုးကြီး


