ရန်ကုန်၊ ၂ ဇန်နဝါရီ
ရန်ကုန်မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ် ဖောင်ကြီးအနောက်ကျေးရွာအုပ်စု ဘုရားကုန်း ကျေးရွာ အရှေ့ဘက် ငမိုးရိပ်ချောင်းအတွင်း ဇန်နဝါရီ ၂ ရက် မွန်းလွဲ ၁၂ နာရီခွဲခန့်က ခုံးကောက်နေရာမှ အမျိုးသား(၁)ဦးနှင့် အမျိုးသမီး(၃)ဦး ရေနစ်သေဆုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇန်နဝါရီ ၂ ရက် မွန်းလွဲ ၁၂ နာရီခွဲခန့်က ဖောင်ကြီးအနောက်ကျေးရွာအုပ်စု ဘုရားကုန်း ကျေးရွာအရှေ့ဘက် (၃)ဖာလုံခန့်အကွာ၊ ငမိုးရိပ်ချောင်းထဲတွင် ကလေးများ ရေနစ်သေဆုံးနေကြောင်း သတင်းအရ စခန်းမှူး ရဲအုပ်သန်းဇော်ဦးနှင့်အဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာ ငမိုးရိပ်ချောင်းအတွင်း အလျား ပေ(၅၀)ခန့်၊ အနံ ပေ(၃၀)ခန့်၊ ရေအနက် (၁၅)ပေခန့် ရေအိုင်တွင် မငြိမ်းသီရိကို(၂၂ နှစ်)နှင့် သွန်းသီရီကို(၁၂ နှစ်)တို့ ညီအစ်မနှစ်ဦးမှာ ရေနစ်သေဆုံးနေသည်ကို တွေ့ရှိရပြီး မောင်ညီမင်းဇော်(၁၀ နှစ်) နှင့် မမြတ်နိုးခိုင်(၁၅ နှစ်)တို့ အား ရေအိုင်အတွင်း ရေငုပ်၍ လိုက်လံရှာဖွေ ခဲ့ရာ ၎င်းတို့နှစ်ဦးမှာ ရေအောက်တွင် သေဆုံးလျက် တွေ့ရှိခဲ့ရသည်။
သေဆုံးသူများနှင့်အတူ ငမိုးရိပ်ချောင်းအတွင်း ခုံးကောက်ရန် အတူသွားခဲ့သည့် မဖူးငုံလှိုင်(၁၁ နှစ်) ဘုရားကုန်းကျေးရွာနေသူအား မေးမြန်းခဲ့ရာ ၎င်းတို့(၅)ဦးသည် ငမိုးရိပ်ချောင်းအတွင်း ခုံးကောက် နေစဉ် သေဆုံးသူ မောင်ညီမင်းဇော်မှာ ရေထဲသို့ နစ်မြုပ်သွားသဖြင့် ကျန် သေဆုံးသူ(၃)ဦးက ဝိုင်းဝန်းဆယ်ယူရာ ထပ်မံနစ်မြုပ်သွားသဖြင့် ကျေးရွာရှိ နေအိမ်သို့ ပြန်ပြေးလာပြီး အိမ်နီးချင်းများအား ရေနစ်နေသည့်နေရာသို့ လိုက်လံပြသခဲ့ကြောင်း စုံစမ်းသိရှိခဲ့ရသည်။ ဆယ်ယူရရှိသည့် အလောင်းများ အား ဖောင်ကြီးတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။
ရေနစ်သေဆုံးမှုနှင့်ပတ်သက်၍ မငြိမ်းသီရီကိုပါ(၄)ဦးတို့အား ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်/ မဟုတ် ဆက်လက်စစ်ဆေးနိုင်ရန် ဖောင်ကြီးနယ်မြေရဲစန်းမှ အမှု ဖွင့်လှစ်ထားကြောင်း သိရသည်။
နိုင်လင်း(လှည်းကူး)