ငါန်းဇွန် ဒီဇင်ဘာ ၁၉
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ်မှ သံကုန်းကျေးရွာ ကုန်ထုတ်လမ်း ဖောက်လုပ်ခြင်း လုပ်ငန်း စံချိန်စံညွှန်းနှင့်အညီ သတ်မှတ်ကာလပြီးစီးရေး ဆောင်ရွက်နေမှုကို ဒီဇင်ဘာ ၁၈ ရက် နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြကြောင်း သိရသည်။
ကွင်းဆင်းကြည့်ရှု စစ်ဆေးရာတွင် ငါန်းဇွန်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမိုးအောင်နှင့် ဦးစီးအရာရှိ (နည်းပညာ) ဦးစိုးဝင်းထွန်းတို့ ဦးဆောင်သော လုပ်ငန်းအရည်အသွေး စစ်ဆေးရေးအဖွဲ့သည် ငါန်းဇွန်မြို့နယ်အတွင်း ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ခြောက်လတာကာလ၊ မူလခွင့်ပြုရန်ပုံငွေကျပ် ၇၄ ဒသမ ၅၂ သန်းဖြင့် လင်းယုန်အားမာန် ကုမ္ပဏီက တာဝန်ယူ ဆောင်ရွက်လျက်ရှိသော သံကုန်းကျေးရွာ ကုန်ထုတ်လမ်း ဖောက်လုပ်ခြင်းလုပ်ငန်း အခြေအနေများကို စစ်ဆေးခဲ့ကြရာ လုပ်ငန်းနှင့်စပ်လျဉ်းပြီး စံချိန်စံညွှန်းများနှင့်အညီ သတ်မှတ်ကာလအတွင်း အချိန်မီ ပြီးစီးနိုင်မှု ရှိ/မရှိ အခြေအနေများကို တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသခဲ့သည်။

အဆိုပါကုန်ထုတ်လမ်း ဆောင်ရွက်ပြီးစီးပါက တောင်သူများ၏ လယ်ယာထွက်ကုန် သီးနှံများ ပိုမိုလွယ်ကူစွာ သယ်ယူရောင်းချနိုင်တော့မည် ဖြစ်သည့်အတွက် ဒေသခံကျေးရွာနေ ပြည်သူများ ပျော်ရွှင် ဝမ်းမြောက်လျက်ရှိကြောင်း သိရသည်။
မင်းမြင့်မိုရ်(ကျေးလက်)