ငါန်းဇွန် ၊ ၄ ဖေဖော်ဝါရီ
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ်တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ပြည်ထောင်စု ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် တင်ဒါအောင်မြင်သော မြစ်ဧရာကုမ္ပဏီက တာဝန်ယူ ဆောင်ရွက်လျက်ရှိသော မြေနီကုန်းကျေးရွာ လယ်ယာကုန်ထုတ်လမ်း၊ တံတားလုပ်ငန်းကို ဖေဖော်ဝါရီ ၃ ရက် နံနက်ပိုင်းက မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမိုးအောင်၊ ဦးစီးအရာရှိ(နည်းပညာ) ဦးစိုးဝင်းထွန်းနှင့် အင်ဂျင်နီယာဝန်ထမ်းများက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြသည်။
ထို့နောက် လုပ်ငန်းကို သတ်မှတ်စံချိန်စံညွှန်း အရည်အသွေးပြည့်မီစွာ ဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း၊ မြေနီကုန်းကျေးရွာ လယ်ယာကုန်ထုတ်လမ်း၊ တံတားလုပ်ငန်းသည် အရှည် ၈၂ ဖာလုံရှိပြီး ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ပြည်ထောင်စုငွေလုံးငွေရင်း ရန်ပုံငွေကျပ် ၂၇ ဒသမ ၅၇ သန်းဖြင့် တင်ဒါအောင်မြင်သော မြစ်ဧရာ ကုမ္ပဏီက တာဝန်ယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းပြီးစီးပါက အိမ်ခြေ ၉၀၄ လုံး၊ လူဦးရေ ၃၉၂၃ ဦး၏ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာမည် ဖြစ်သည့်အပြင် လယ်ယာဧက ၆၅၀ ရှိ ထုတ်ကုန်၊ ထွက်ကုန်များကို ဈေးကွက်သို့ လွယ်ကူလျင်မြန်စွာ သယ်ယူပို့ဆောင်နိုင်တော့မည် ဖြစ်ကြောင်း သိရသည်။
မင်းမြင့်မိုရ်


