ငါန်းဇွန် ဇန်နဝါရီ ၂၁
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ်ရှိ သရက္ကန်၊ တမာပင်ကြီး၊ စီထိန်း၊ ငါန်းလွှန့်၊ တောင်လယ်တောနှင့် ဂျိုစသည့် ကျေးရွာအုပ်စုများတွင် စိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်ကြပြီး သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ ပဲစင်းငုံသီးနှံကို အဓိက စိုက်ပျိုးကြကြောင်း၊ ငါန်းဇွန်မြို့နယ်၌ ပဲစင်းငုံသီးနှံစိုက်ပျိုးရန် ဧက ၃၀၃၀၀ လျာထားခဲ့ရာ ၃၃၃၈၈ ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း စိုက်ပျိုးရေးဦးစီးဌာန စာရင်းအရသိရပြီး ပဲစင်းငုံသီးနှံများမှာ ဇန်နဝါရီလ ပထမပတ်မှစတင်၍ ရိတ်သိမ်းလျက်ရှိကြောင်း သိရသည်။
ပဲစင်းငုံသီးနှံကို ဇွန်လနှင့် ဇူလိုင်လတို့တွင် စိုက်ပျိုးကြပြီး ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလတို့တွင် ရိတ်သိမ်းရကြောင်း၊ စိုက်ပျိုးရာတွင် သီးသန့်စိုက်ပျိုးမှုနှင့် သီးညှပ်စိုက်ပျိုးမှုဟူ၍ရှိပြီး သီးညှပ်စိုက်ပျိုးမှုကိုသာ စိုက်ပျိုးကြကြောင်း၊ ပဲစင်းငုံအနီမျိုးများကို စိုက်ပျိုးကြပြီး မျိုး၊ မြေပြုပြင်ခ၊ သွင်းအားစု၊ ရိတ်သိမ်းခ၊ လုပ်သားခအပါအဝင် တစ်ဧကလျှင် စုစုပေါင်း ငွေကျပ် သုံးသိန်းခန့် ကုန်ကျကြောင်း၊ တစ်ဧကလျှင် ၅တင်း၊ ၇တင်းခန့် ထွက်ရှိပြီး မြေအနေအထားနှင့် သီးနှံအထွက်နှုန်းအပေါ် မူတည်၍ အထွက်နှုန်းများ ကွာခြားမှုရှိကြောင်း၊ ဈေးကွက်အနေဖြင့် မန္တလေးမြို့ပေါ်ရှိ ပွဲရုံများသို့ ရောင်းချကြကြောင်း သိရသည်။
သတင်းရင်းမြစ် - စီးပွား/ကူးသန်း