ငါန်းဇွန် နိုဝင်ဘာ ၁
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ်တွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးရွာတစ်ရွာ၌ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် မီနီဘတ်ဂျက်ကာလအတွင်း ပြည်ထောင်စုရန်ပုံငွေကျပ် ၇၉ ဒသမ ၇၇ သန်းဖြင့် ကျေးလက်ကုန်ထုတ် လမ်းတစ်လမ်း ဖောက်လုပ်ခြင်းနှင့် အဆိုပါလမ်းပေါ်တွင် Slab Culvert သုံးစင်း တည်ဆောက်ခြင်း တို့ကို ဆောင်ရွက်မည်ဖြစ်ကြောင်း ငါန်းဇွန်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမိုးအောင်ထံမှ သိရသည်။
အဆိုပါကျေးလက်ကုန်ထုတ်လမ်း တစ်လမ်းသည် စုစုပေါင်းအရှည် တစ်မိုင်တစ်ဖာလုံရှိမည်ဖြစ်ပြီး ၂၀၁၉-၂၀၂၀ ခု၊ ပထမခြောက်လမှ ၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာနှစ်ထိလည်း ငါန်းဇွန်မြို့နယ်အတွင်းရှိ ကျေးရွာနှစ်ရွာ၌ ငွေလုံးငွေရင်းအသုံးစရိတ်(မူလ+မွမ်းမံ)၊ နိုင်ငံတော်ထောက်ပံ့ရန်ပုံငွေ၊ စီမံကိန်းရန်ပုံငွေ၊ စုစုပေါင်းငွေကျပ် ၄၄ ဒသမ ၁၂ သန်းဖြင့် ကျေးလက်ကုန်ထုတ်လမ်း နှစ်လမ်းကို အရှည်တစ်မိုင် သုံးဒသမရှစ်ဖာလုံခန့်ကိုလည်းကောင်း၊ အဆိုပါလမ်းပေါ်တွင် ရေကျော်တစ်စင်းနှင့် Box Culvert တစ်စင်းကိုလည်းကောင်း ဖောက်လုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ကျေးလက်ကုန်ထုတ်လမ်းများ ဖောက်လုပ်ရာတွင် ကျေးလက်ဒေသများမှ အသီးအနှံများ သယ်ယူပို့ဆောင်သော မော်တော်ယာဉ်များမှအစ ရာသီမရွေးသွားလာနိုင်ရန် ဂျင်းလမ်းများ စီစဉ်ဖောက်လုပ်ပေးခြင်းဖြစ်ပြီး ငါန်းဇွန်မြို့နယ်အတွင်းရှိ ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်ပေးမည့်ကျေးရွာ တစ်ရွာမှာ သံကုန်းကျေးရွာဖြစ်ကြောင်း သိရသည်။
မင်းမြင့်မိုရ်(ကျေးလက်)


