နေပြည်တော် ဇူလိုင် ၂၄

 

NGO/INGO များ မှတ်ပုံတင်ခြင်းလုပ်ငန်းစဉ် လွယ်ကူချောမွေ့စေရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ နံနက် ၈ နာရီ တွင် နေပြည်တော်ရှိ Hotel Max ၌ ကျင်းပသည်။

 

အလုပ်ရုံဆွေးနွေးပွဲတွင် ပြည်ထောင်စုမှတ်ပုံတင်ရေးအဖွဲ့ အတွင်းရေးမှူး၊ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကားပြောကြားပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်က အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေနှင့်စပ်လျဉ်း၍ အသိပညာ ဖြန့်ဝေခြင်း၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးက ပရဟိတအသင်းအဖွဲ့ များအပေါ် စည်းမျဉ်းကြီးကြပ်ခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်း ဆွေးနွေးခြင်းများ ဆောင်ရွက်ကြသည်။

 

ထို့နောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးဌာန/ အဖွဲ့အစည်းတို့မှ တာဝန်ရှိပုဂ္ဂိုလ်များက အသင်းအဖွဲ့များ၏ ဆွေးနွေးချက်များနှင့်ပတ်သက်၍ သက်ဆိုင်ရာ ကဏ္ဍအလိုက်ပြန်လည် ရှင်းလင်းဆွေးနွေးဖြေကြားကြပြီး အလုပ်ရုံဆွေးနွေးပွဲကို ရုပ်သိမ်း ခဲ့ကြောင်း သိရသည်။  

 

အလုပ်ရုံဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီးဌာန/အဖွဲ့အစည်း(၁၁)ခုမှ တာဝန်ရှိသူများ၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ အရာထမ်းများ၊ ပြည်တွင်းအသင်းအဖွဲ့(၃၂)ဖွဲ့နှင့် အစိုးရမဟုတ်သော နိုင်ငံတကာ အသင်းအဖွဲ့(၅၁)ဖွဲ့တို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

(သတင်းစဉ်)