ငဖဲ ဇန်နဝါရီ ၂

 

မကွေးတိုင်းဒေသကြီး ငဖဲမြို့ ချင်းစုရပ်ကွက်သည် မန်းချောင်းနံဘေးတွင် တည်ရှိပြီး အရှေ့ဘက်ကိုင်းမြေနှင့် လယ်မြေများတွင် မြေအောက်ရေဖြင့် ရာသီအလိုက်သီးနှံများကို တစ်ပိုင်တစ်နိုင် စိုက်ပျိုးရောင်းချလျက်ရှိရာ ယခုနှစ်ဆောင်းသီးနှံများ စိုက်ပျိုးရာသီတွင် မေမြို့(ချင်းမိုင်) ပန်းများ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းပြီး မိသားစုဝင်ငွေ နေ့စဉ်ရရှိကြောင်း တောင်သူ ဒေါ်သင်းခိုင်ထံမှ သိရသည်။

 

မေမြို့(ချင်းမိုင်)ပန်းများကို ယခင်နှစ်က မျိုးစေ့ချန်ထားပြီး မိုးအကုန်တွင် သီးနှံမျိုးစေ့များကို စတင်ပျိုးထောင်၍ မြေအောက်ရေသွင်းကာ စိုက်ပျိုးရောင်းချကြောင်း၊ မေမြို့ပန်းသည် မြေကောင်းကြိုက်သည့်အပြင် ရေကိုလည်း အလွန်နှစ်သက်သောကြောင့် နေ့စဉ်ရေသွင်းပေးရကာ နွားချေးနှင့် ဓာတ်မြေဩဇာများ ကျွေးပေးရကြောင်း၊ ယခုနှစ် ဆောင်းရာသီဝင်စ ဟင်းသီးဟင်းရွက်နှင့် ပန်းမန်များ စိုက်ပျိုးရာသီတွင် မိုးရွာသွန်းမှုရှိ၍ စိုက်ပျိုးမှုနောက်ကျရကြောင်း၊ မိမိ၏လယ်မြေတစ်ဧကတွင် မေမြို့ပန်းများနှင့်အတူ အခြားဟင်းသီးဟင်းရွက်များကို စိုက်ပျိုးထားရှိပြီး ကိုင်းမြေမှထွက်ရှိသည့်ပန်းများနှင့် ဟင်းသီးဟင်းရွက်များကို ငဖဲမြို့မဈေးတွင် ရောင်းချ၍ အခင်းသို့ဖောက်သည်လာဝယ်သူများလည်းရှိကြောင်း၊ ဆောင်းသီးနှံများကို ရာသီအလိုက် စိုက်ပျိုးရောင်းချရ၍ ဝင်ငွေတိုးပွားကာ မိသားစုစားဝတ်နေရေးအဆင်ပြေကြောင်း တောင်သူ ဒေါ်သင်းခိုင်က ပြောသည်။

 

ငဖဲမြို့နယ်တွင် မြို့မရပ်ကွက်၊ ချင်းစုရပ်ကွက်၊ အိုးမြေတွင်းကျေးရွာနှင့် ပန်းထိန်းကျေးရွာများတွင် မြေအောက်ရေနှင့် မန်းချောင်းရေကိုအသုံးပြု၍ လယ်မြေကိုင်းမြေများတွင် ဆောင်းသီးနှံဟင်းသီး ဟင်းရွက်များနှင့်အတူ မေမြို့ပန်း၊ သစ္စာပန်းနှင့် ဂန္ဓမာပန်းများကို စိုက်ပျိုးရောင်းချကြကြောင်း သိရသည်။

 

မယု(ငဖဲ)