ငဖဲ ၆ မေ
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ် မြို့မရပ်ကွက်သည်မန်းချောင်း နံဘေးတွင်တည်ရှိပြီး မြို့အရှေ့ဘက် ကိုင်းမြေများတွင်မြေအောက်ရေဖြင့် တစ်နိုင်တစ်ပိုင်ဂန္ဓမာပန်းများ စိုက်ပျိုးကြ၍ ဝင်ငွေကောင်း၍ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
"ကျွန်မတို့စိုက်ပျိုးတဲ့ဂန္ဓမာပန်းမျိုးက ရွှေကြယ်၊ ဆန်းမားမျိုးဖြစ်ပြီး ပျိုးပင်ပေါက်များကို ပြင်ဦးလွင်မှတစ်ဆင့် မှာယူစိုက်ပျိုးပါတယ်။အပင်ပေါက် ၁ ပင်ကို ၆ ကျပ်ကနေ ၁၁ ကျပ်နှုန်း ပေးရပါတယ်။ စိုက်ပျိုးမည့် မြေကိုသီးသန့်ထားပြီး ကြိုတင်၍ မြေပြုပြင်ထွန်ယက်ထားပြီး အပင်ပေါက်များကို ၅ လက်မ ပတ်လည် ကြားချပြီးစိုက်ပျိုးပါတယ်။ အပင်ရက်သား၂၀ အရောက်တွင် ပေါင်းလိုက်၊ ပိုးသတ်ဆေး၊ အားဆေး၊ မှိုဆေး များဖြန်းပေးပါတယ်။ ပြာသိုလကနေစတင်စိုက်ပျိုးပြီး ၃ လကျော်ဆိုရင်ပန်းချိုးရောင်းလို့ရပါပြီ။ စိုက်ပျိုးမြေ ဒသမ ၅ဧက မှာ ပန်းအပင် ၅၀ဝ၀ ကျော်စိုက်ပျိုးထားပါတယ်။ ပန်းပင် ၁ ပင်ကိုပျမ်းမျှ ၂၀ဝ ကျပ်နှုန်းနဲ့ မြို့မ ယာယီဈေး မှာ ရောင်းချပြီး ရပ်ကွက်အတွင်းမှဘုရားပန်းလှူကြသူတွေကလည်း ညနေတိုင်း အိမ်ကို လာရောက်ဝယ်ယူကြပါတယ်။ တစ်နှစ်ကိုရာသီအလိုက်ပန်းမျိုးများ မှာယူပြီးသုံးထပ် စိုက်ပျိုးကြောင်း နှင့်အရင်းတစ်သိန်းခန့် ကုန်ကျကြောင်း၊ တစ်နေ့ကိုတစ်သောင်းခွဲဖိုး ခန့် တစ်လရောင်းချပြီးကြောင်း၊ ပန်းပင်များ နောက်တစ်လခန့်ရောင်းစရာကျန်ရှိသေးကြောင်း၊ အရင်းနည်းပြီး အမြတ်များများ ရတဲ့အတွက် မိသားစု အပိုဝင်ငွေရရှိပြီး အဆင်ပြေတွက်ခြေ ကိုက်ကြောင်း" မြို့မရပ်ကွက်မှ ပန်းစိုက်ပျိုးသူတောင်သူ ဒေါ်မြအေးက ပြောကြားသည်။
ငဖဲမြို့နယ်တွင် မြို့မရပ်ကွက်၊ ချင်းစုရပ်ကွက်၊ အိုးမြေတွင်းကျေးရွာများမှ မြေအောက်ရေ၊ မန်းချောင်း ရေကိုအသုံးပြု၍ တစ်နိုင်တစ်ပိုင် ဂန္ဓမာပန်းနှင့်မေမြို့ပန်းများကို ရာသီအလိုက် စိုက်ပျိုးရောင်းချလျက်ရှိကြောင်း သိရသည်။
မယု(ငဖဲ)


