ငဖဲ ဩဂုတ် ၂၇

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်တွင် ၂၀၂၁ ခုနှစ် မိုးရာသီ မိုးစပါးများ ထွန်ယက် စိုက်ပျိုးအောင်မြင်လျက်ရှိရာ ဩဂုတ် ၂၇ ရက် နံနက်ပိုင်းက ဆင်ချည်တိုင်ကျေးရွာမှ တောင်သူ ဦးအောင်ကျော်စိုး၏ လယ်မြေ ၁ ဧကတွင်လည်း ကိုင်းဆည်ရေကို အသုံးပြု၍ မိုးစပါးများ စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။    

မျိုးစပါး မနောသုခမျိုးကို ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးမျိုးသန့်ခြံမှ ဝယ်ယူ၍ လယ်မြေ ၁ ဧကမှာ စိုက်ပျိုးလျက်ရှိကြောင်း၊ မျိုးစပါးပျိုးထောင်ပြီး ပျိုးပင်ပေါက် ၂၈ ရက်သားမှာ အတန်းလိုက်ကြိုးဆွဲ စနစ်ချ စိုက်ပျိုးခြင်းဖြစ်ကြောင်း၊ ပျိုးနှုတ်ခအနေဖြင့် ပျိုးဆုပ် အစီး ၁၀၀ ကို ငွေကျပ် ၂၅၀၀ ပေးရပြီး ကောက်စိုက်ခအနေဖြင့် လယ် ၁ ဧကကို ၁၀ ဦး စိုက်ခ ငွေကျပ် ငါးသောင်းပေးရကြောင်း၊ လယ်ထွန်ခက လယ် ၁ ဧကကို စပါး ၁၀ တင်းပေးရပြီး တစ်ဧကအထွက်နှုန်းမှာ  တင်း ၈၀ ခန့်ထွက်ရှိကြောင်း၊ မိုးစပါး စိုက်ပျိုးရေး လုပ်ငန်းများ ငှားရမ်းလုပ်ကိုင်ပါက တောင်သူအတွက် ထွက်ရှိသည့်စပါး၏ ထက်ဝက်ခန့်သာ ကျန်ရှိပြီး ပျိုးနှုတ်၊ ကောက်စိုက်ခသာငှားရမ်းပြီး ကိုယ်တိုင်ထွန်ယက် စိုက်ပျိုးလုပ်ကိုင်ပါမှ တောင်သူအတွက် စပါးပိုမိုကျန်ရှိပြီး တွက်ခြေကိုက်မှာဖြစ်ကြောင်း၊ ဆင်ချည်တိုင်ကျေးရွာမှ တောင်သူများ အနေဖြင့် လယ်မြေများတွင် မိုးစပါးကိုသာ အဓိကထားစိုက်ပျိုးပြီး နွေရာသီတွင် အခြားသီးနှံများစိုက်ပျိုး လုပ်ကိုင်ကြကြောင်း တောင်သူ ဦးအောင်ကျော်စိုး၏ ပြောပြချက်အရ သိရသည်။

ငဖဲမြို့နယ်တွင် မန်းချောင်းဆည်၊ ရင်းရှည်ဆည်၊ ဆည်ငယ်၊ ကန်ငယ်များမှ ဆည်ရေကို အမှီပြု၍  ဆင်းသုခ၊ ဧရာမင်း၊ မနောသုခ၊ ရတနာတိုး မျိုးများနှင့် တောင်ယာစပါးကို စိုက်ပျိုးကြပြီး ၂၀၂၁ ခုနှစ် မိုးရာသီတွင် မိုးစပါးစိုက်ပျိုးရန် ၇၆၂၇ ဧက လျာထားခဲ့ရာ ယနေ့ထိ မိုးစပါးစိုက်ဧက ၄၀၁၀ စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။

မယု(ငဖဲ)