ငဖဲ  ဧပြီ ၁၇

 

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်၊ စည်သာကျေးရွာတွင် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် ပရဟိတလူငယ်များ၊ ကျေးရွာနေပြည်သူများပူးပေါင်း၍  အသက်(၇၅)နှစ်အထက် သက်ကြီးဘိုးဘွား (၃၀)ဦးအား ပူဇော်ကန်တော့ပွဲကို  ၁၃၈၅ ခုနှစ် နှစ်ဆန်းတစ်ရက်နေ့ ဧပြီ ၁၇ ရက်နံနက်ပိုင်းက စည်သာကျေးရွာဘက်စုံ သုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

 

ရှေးဦးစွာ ပူဇော်ကန်တော့ပွဲသို့တက်ရောက်လာကြသူများက ဘိုးဘွားများအား ပူဇော်ကန်တော့ပြီး ပူဇော်ကန်တော့ခံလာရောက်သည့် အသက်(၇၅)နှစ်အထက် အဘိုးအဘွား (၃၀) ဦးတို့ကို တစ်ဦးလျှင် အလှူငွေကျပ် တစ်သောင်းငါးထောင်နှင့် လှူဖွယ်ပစ္စည်း(၅)မျိုးတို့ကို  စည်သာကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများ၊ ကျေးရွာပြည်သူများက ပေးအပ်ကန်တော့ခဲ့ကြသည်။

 

ထို့နောက်သက်ကြီးပူဇော်ပွဲအခမ်းအနားသို့ ကန်တော့ခံတက်ရောက်လာသော ဘိုးဘွားများကိုယ်စား အသက်(၈၅)နှစ်ရှိသူ အဘိုးဦးလှမောင်က ကျန်းမာချမ်းသာစေကြောင်း ဆုတောင်းစကားများ ပြောကြားခဲ့ပြီး သက်ကြီးဘိုးဘွားပူဇော်ပွဲသို့ လာရောက်ကြသူများအား ကြာဇံဟင်းခါးဖြင့် တည်ခင်းဧည့်ခံ ကျွေးမွေးခဲ့ကြောင်း သိရသည်။

 

မယု(ငဖဲ)