ငဖဲ ၂၇ ဇန်နဝါရီ
မင်းဘူးခရိုင်၊ ငဖဲမြို့နယ် ဇီးတောကျေးရွာအုပ်စု၊ ဇီးတောကြီးကျေးရွာ ကံကြီးကျောင်းတိုက်တွင် မကွေးတိုင်းဒေသကြီး အသေးစား စက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနမှ ဦးစီး၍ ကျေးလက်နေပြည်သူများ လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်တတ်ရန်နှင့် မိသားစုအပိုဝင်ငွေ တိုးပွားစေရန် ရည်ရွယ်ဖွင့်လှစ်သော လူသုံးကုန် ထုတ်လုပ်မှုနည်းပညာ သင်တန်းဆင်းပွဲအခမ်းအနားကို ဇန်နဝါရီ ၂၆ ရက် နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။

ရှေးဦးစွာ ငဖဲမြို့နယ် အုပ်ချူပ်ရေးမှူး ဦးဆန်းထွန်းနှင့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လွင်တို့က သင်တန်းဆင်း အမှာစကားပြောကြားကြပြီး ထူးချွန်သင်တန်းသား (၂)ဦးအား ဆုချီးမြှင့်ပေးအပ်၍ သင်တန်းဆင်းလက်မှတ်များကို တာဝန်ရှိသူများက ပေးအပ်ခဲ့ကြသည်။

အဆိုပါသင်တန်းသို့ ငဖဲမြို့ပေါ်နှင့် ကျေးရွာများမှ သင်တန်းသား သင်တန်းသူ (၂၀)ဦး တက်ရောက်ပြီး သင်တန်းကာလမှာ ဇန်နဝါရီ ၂၁ ရက်မှ ၂၅ ရက်ထိ ၅ ရက်ကြာ သင်တန်းနည်းပြ ၂ ဦးက ဆန်ဆပ်ပြာ၊ ပျားရည်ဆပ်ပြာ၊ ဝါးမီးသွေးဆပ်ပြာ၊ ကော်ဖီဆပ်ပြာ၊ အဝတ်လျှော် ဆပ်ပြာရည်များနှင့် ခေါင်းလျှော်ရည် ပြုလုပ်နည်း စသည့် အမျိုးပေါင်း (၂၁)မျိုးတို့ကို စာတွေ့၊ လက်တွေ့ သင်ကြားပြသပေးခဲ့ကြောင်း သိရသည်။
မယု(ငဖဲ)