ငဖဲ  ၂၉  ဒီဇင်ဘာ

 

ကော်ဖီနည်းပညာပေး သင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက မင်းဘူးခရိုင်၊ ငဖဲမြို့နယ်ရှိ ကော်ဖီနည်းပညာ ဖွံ့ဖြိုးရေးခြံ (နတ်ရေကန်)တွင် ကျင်းပခဲ့သည်။

 

သင်တန်းဖွင့်ပွဲတွင် ငဖဲမြို့နယ် အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လွင်က အဖွင့်အမှာစကား ပြောကြားပြီး ကော်ဖီနည်းပညာဖွံ့ဖြိုးရေးခြံ (နတ်ရေကန်)တာဝန်ခံ ဦးဇော်သိန်းက ဒေသခံတောင်သူများအနေဖြင့် အရည်အသွေးကောင်းသော ကော်ဖီစိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် ကော်ဖီနည်းပညာပေးသင်တန်း ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

 

ထို့နောက် ဆွဇ်ဇာလန်နိုင်ငံမှ Ms Nathalie က ကော်ဖီကို အစိုနည်းဖြင့် ကြိတ်ခွဲထုတ်လုပ်ခြင်းဖြစ်စေ၊ အခြောက်နည်းဖြင့် ကြိမ်ခွဲထုတ်လုပ်ခြင်းဖြစ်စေ ကော်ဖီစိုက်ပျိုးထုတ်လုပ်သည့် နည်းလမ်းကောင်းများအား စနစ်တကျ လိုက်နာပါက အထူးတန်းဝင် ကော်ဖီထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။

 

အဆိုပါသင်တန်းတွင် ကော်ဖီရိတ်သိမ်းခြင်းနှင့် ထွက်ကုန်ပြုပြင်ခြင်း၊ ကော်ဖီပင်အစိုဓာတ်ထိန်းသိမ်းခြင်း၊ ကော်ဖီစေ့ အခြောက်လှန်းနည်း၊ ဆိုလာဖြင့် အခြောက်လှန်းနည်း၊ ကော်ဖီအခြောက်လှန်းခြင်း၏ အကျိုးကျေးဇူးများကို ဒီဇင်ဘာ ၂၈ ရက်မှ ၂၉ ရက်အထိ သင်ကြားပို့ချသွားမည်ဖြစ်သည်။

 

အဆိုပါ သင်တန်းကို မင်းဘူးခရိုင်၊ ငဖဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ ကော်ဖီရာသီ သီးနှံဌာနခွဲနှင့် ဆွဇ်ဇာလန်နိုင်ငံမှ Ms Nathalie ဦးဆောင်သော အဖွဲ့တို့ ပူးပေါင်းဖွင့်လှစ်ခြင်းဖြစ်ပြီး ငဖဲမြို့နယ် တောင်ပေါ်ဒေသမှ ကော်ဖီစိုက်တောင်သူ ၇၂ ဦးအား သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။ 

 

မယု(ငဖဲ)