ငဖဲ၊ ၂ ဇွန်

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ကော်ဖီ-ရာသီ သီးနှံဌာနခွဲ၊ ကော်ဖီနည်းပညာဖွံ့ဖြိုးရေးခြံ (နတ်ရေကန်)သည် တောင်ပေါ်ဒေသ သဘာ၀ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ စိမ်းလန်းစိုပြည်ရေးနှင့် ကျေးလက်နေပြည်သူများ လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ၂၀၂၁ ခုနှစ် မိုးရာသီတွင် သစ်ပင်များစိုက်ပျိုးနိုင်ရန်အတွက် ကော်ဖီခြံပျိုးဥယျာဉ်တွင် ကော်ဖီနှင့်အခြားအရိပ်ရ ပျိုးပင်ပေါင်း (၇၅၀၀၀)ကျော်ကို ပျိုးထောင်ထားရှိကြောင်း သိရသည်။

အဆိုပါပျိုးဥယျာဉ်တွင် ကော်ဖီပင်(၅၉၂၅၀)၊ မျောက်ငိုပင် (၆၀၀၀)၊ မက္ကတေးမီးယားပင် (၄၀၀၀) နှင့် ထောပတ်ပင်(၆၀၀၀) စုစုပေါင်း ပျိုးပင် (၇၅၂၅၀)ကို ပျိုးထောင်ထားရှိပြီး တောင်ပေါ်ဒေသကော်ဖီစိုက် တောင်သူများ မိုးအမီစိုက်ပျိုးနိုင်ရေးအတွက် ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်းနှင့် ယခင်နှစ်ကထက် ပိုမို၍ ပျိုးထောင်ထားရှိကြောင်း ကော်ဖီခြံတာဝန်ခံ ဦးဇော်သိန်းထံမှ သိရသည်။

ငဖဲမြို့နယ်တောင်ပေါ်ဒေသ(နတ်ရေကန်)တွင် ၂၀၀၂ ခုနှစ်မှစတင်၍ အာရေဗီးကားကော်ဖီမျိုးကို စတင်စိုက်ပျိုးခဲ့ရာ ယနေ့ထိစိုက်ပျိုးရေးဦးစီးဌာနမှ စိုက်ဧက ၄၀ နှင့် ပုဂ္ဂလိကတောင်သူစိုက်ဧက ၁၀၀၁ ဧက စုစုပေါင်း ၁၀၄၁ ဧကစိုက်ပျိုးကြကြောင်းသိရှိရသည်။

မယု(ငဖဲ)