ငဖဲ၊ ၁၃ ဒီဇင်ဘာ

 

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ် ချောင်းဖြူကျေးရွာမှ တောင်သူများအနေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများအပြင် ဆောင်းတွင်း ရာသီစာအဖြစ် မုန့်ဩဇာကို မိသားစုများ တစ်ပိုင်တစ်နိုင် လုပ်ကိုင်ရောင်းချခြင်းဖြင့် စီးပွားရေးအဆင်ပြေနေကြောင်း သိရသည်။

 

မုန့်ဩဇာကို ခေါ်ပဲကောက်ညှင်းဆန် အမျိုးအစားကိုသုံးပြီး ၂ ညမှ ၃ ညထိ ရေစိမ်ထားရကြောင်း၊ စိမ်ပြီးသားကောက်ညှင်းများကို ပေါင်းပြီး မောင်းနဲ့ထောင်းရကြောင်း၊ ထောင်းပြီးသားမုန့်ကို မိမိလိုချင်သော အမျိုးအစားညှပ်၍ တစ်နေလှန်းရကြောင်း၊ နေလှန်းပြီးသားမုန့်များကို ညနေပိုင်းမှာ သဲဖြင့်လှော်ရကြောင်း၊ လှော်ပြီးသားမုန့်များကို ထန်းလျက်၊ ကြံသကာရည်တို့ဖြင့် ယိုထိုးရောင်းချရကြောင်း သိရသည်။

 

"မုန့်ဩဇာလုပ်ငန်းကို လုပ်ကိုင်ရောင်းချလာတာ ၅ နှစ်ခန့်ရှိပြီဖြစ်ကြောင်း၊ တဖြည်းဖြည်း တွင်ကျယ်စွာ ရောင်းချလာရကြောင်း၊ တစ်နေ့လျှင် ကောက်ညှင်းဆန်ပြည် ၂၀ မှ ၂၅ ပြည်အထိ လုပ်ကိုင်ရကြောင်း၊ မုန့်ဩဇာကို ယခင်နှစ်များက အလှူ၊ မင်္ဂလာဆောင်၊ ပွဲလမ်းသဘင်များက ပိသာအချိန် ၄၀၊ ၅၀ စသည်ဖြင့်မှာ၍ ဝယ်ယူကြကြောင်း၊ ယခုနှစ်မှာ ကိုဗစ်-၁၉ ကာလဖြစ်နေလို့ ပွဲလမ်းသဘင်များ မရှိတော့၍ မှာယူသူနည်းပါးကြောင်း၊ မုန့်များကို ငဖဲမြို့မစျေး၊ ပဒါန်း၊ မင်းတုန်း၊ ရွှေချောင်းနှင့် ရှမ်းတပ်ကျေးရွာများသို့ တစ်ပိဿာကို ၂၄၀၀ ကျပ် စျေးဖြင့် ဖောက်သည်စျေးပေးသွင်း ရောင်းချရကြောင်းနှင့် မိသားစုတစ်ပိုင်တစ်နိုင် မုန့်ဩဇာလုပ်ငန်းဝင်ငွေဖြင့် သားသမီးများ၏ ပညာရေး ကုန်ကျစရိတ်ကာမိပြီး စီးပွားရေး အဆင်ပြေချောင်လည်လာကြောင်း" မုန့်ဩဇာလုပ်ငန်းလုပ်ကိုင် ရောင်းချသူ ဦးဝင်းဇော်က ပြောသည်။

 

မယု(ငဖဲ)