ငဖဲ ၂၁ ဖေဖော်ဝါရီ
မင်းဘူးခရိုင်၊ ငဖဲမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ အများပြည်သူနှင့် အစိုးရတာဝန်ရှိသူများ အကြားဆွေးနွေးတိုင်ပင်ရမည့် အကြောင်းကိစ္စများကို ဆွေးနွေးပြောကြားနိုင်သည့် အခွင့်အလမ်းများအား ဖော်ဆောင်ပေးရန်အတွက် ကျေးလက်ဒေသဖွံ့ဖြိုးရေးခေါင်းစဉ်ဖြင့် ပြည်သူ့ စကားဝိုင်းဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၂၀ ရက်နေ့ ညနေ ၃ နာရီက ငဖဲမြို့နယ်၊တောင်ပေါ်ဒေသ လင်းတဲကျေးရွာအခြေခံပညာ မူလတန်းကျောင်း၌ ကျင်းပသည်။
ဆွေးနွေးပွဲတွင် ငဖဲမြို့နယ်၊အမှတ်(၂)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးခင်မောင်လွင် က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဦးစီးမှူး ဒေါ်ယုယုသိန်း က ကျေးလက်ဒေသဖွံ့ဖြိုးရေးပြည်သူ့စကားဝိုင်း ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်များ ရှင်းလင်းပြောကြားသည်။
ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆန်းထွန်းက ကျေးလက်ဒေသဖွံ့ဖြိုးရေးဆောင်ရွက်မှုများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးဦးမြင့်သိန်းက GAP စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများနှင့် ဓါတ်မြေဩဇာ၊ ပိုးသတ်ဆေးများ လျှော့ချသုံးစွဲရေး ၊မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးမှူး ဒေါက်တာ ဗျတ်နောလ်ထန် က အိမ်မွေးတိရစ္ဆာန်များတွင် ကျရောက်တတ်သော ရောဂါများနှင့်ကာကွယ်ကုသရေး နည်းလမ်းများ၊ မြို့နယ်နတ်ရေကန် (ကော်ဖီခြံ)တာဝန်ခံ ဦးဇော်သိန်းက ကော်ဖီစိုက်ပျိုးရေး နည်းလမ်း ကောင်းများနှင့် ကော်ဖီဈေးကွက်ရရှိရေးတို့ကို အသီးသီး ဆွေးနွေးပြောကြားကြသည်။
ထို့နောက် တက်ရောက်လာကြသော ကျေးလက်နေပြည်သူများက ဆားပေါက်တောင်ကျေးရွာ ကျေးလက်လမ်းဖောက်လုပ်ပေးရေး၊ မထုံးကျေးရွာမူလတန်းလွန် ကျောင်းဆောင်သစ် ဆောက်လုပ်ပေးရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး ကိစ္စများမေးမြန်း ဆွေးနွေးခဲ့ရာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်နှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ကြောင်း သိရသည်။
မယု(ငဖဲ)


