ငဖဲ မတ် ၂၈

 

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပညာရေးဌာနနှင့် အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ မြို့နယ်အတွင်းရှိ ကျောင်းသား ကျောင်းသူများနှင့် လူငယ်မောင်မယ်များ ကျောင်းစာအပြင် ပြင်ပအသိပညာ ဗဟုသုတ တိုးပွားလာစေရန်၊ နိုင်ငံအတွက် အားကိုးအားထားပြုရသော ထူချွန်ထက်မြက်သူများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို  ယနေ့နံနက် ၉ နာရီက မင်းလွင်ကျောင်းကုန်း အခြေခံပညာအလယ်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

 

အသိပညာပေးဟောပြောပွဲတွင် မင်းလွင်-ကျောင်းကုန်းကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်သဲသဲမာက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဒေါ်ယုယုသိန်းက “လူငယ်နှင့် ရည်မှန်းချက်”၊ “လူငယ်နှင့် အကျင့်စာရိတ္တကောင်းမွန်ရေး” နှင့် “မျိုးဆက်သစ်လူငယ်များ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေး” ခေါင်းစဉ်များဖြင့် လည်းကောင်း၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ အကြီးတန်းစာရေး ဒေါ်သင်းသင်းအေးက အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများ၊ လူငယ်နှင့်အားကစား၊ လူငယ်နှင့် ကျန်းမာကြံ့ခိုင်ရေးဆိုင်ရာများကို အသိပညာပေးဟောပြောခဲ့ပြီး အားကစားနှင့် ကာယပညာဦးစီးဌာနမှ အားကစားပစ္စည်းများကို ကျောင်းအုပ်ဆရာမကြီးထံသို့ ပေးအပ်လှူဒါ်န်းခဲ့သည်။

 

ဟောပြောပွဲအပြီးတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားရှိသော (၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် နံရံကပ်စာစောင်၊ ပြည်သူများ ချွေတာသုံးစွဲသင့်သော လျှပ်စစ်မီးနှင့် သောက်သုံးရေဆိုင်ရာများ၊ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေး အသိပညာပေးရုပ်ပြများနှင့် မူးယစ်ဆေးဝါး တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်များကို ဆရာ/ဆရာမများနှင့် ကျောင်းသားကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်းနှင့် (၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

 

မယု(ငဖဲ)