ငဖဲ ၁၆ မေ
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မင်းဘူးခရိုင် ဆည်မြောင်းနှင့် ရေအသုံးချရေး ဦးစီးဌာနမှ ငဖဲမြို့နယ်ရှိ မန်းချောင်းရေလှောင်တမံ အရေးပေါ်အခြေအနေ ရောက်ရှိပါက ကြိုတင်စီမံ ဆောင်ရွက်ရန်ဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက မန်းချောင်း ရေလှောင်တမံရှင်းလင်းဆောင်၌ ကျင်းပသည်။
ရှေးဦးစွာ ငဖဲမြို့နယ် အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လွင်က အဖွင့်အမှာစကားပြောကြားပြီး မင်းဘူးခရိုင် ဆည်မြောင်းနှင့် ရေအသုံးချရေးစီမံခန့်ခွဲရေး ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမြတ်ဇော်သိန်းက မကြာမီ မုတ်သုံရာသီကာလ ကျရောက်တော့မည်ဖြစ်၍ မိုးမကျမီ ကြိုတင်ပြင်ဆင်နိုင်ရန်အတွက် ဆည်ရေသောက်တောင်သူများကို အသိပေးပြောကြားခြင်း ဖြစ်ကြောင်း၊ မန်ချောင်းရေလှောင် တမံအရေးပေါ်အခြေအနေအဖြစ် အဆင့်(၃)ဆင့် သတ်မှတ်ထားကြောင်း၊ ရေပိုလွှဲမှ ရေစတင်ကျော်သည်နှင့် အရေးပေါ်အခြေအနေ အဆင့်-၁ အဖြစ်သတ်မှတ်၍ အများပြည်သူမြင်သာ သောနေရာနှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးများတွင် အစိမ်းရောင်အလံလွှင့်ထူရန်၊ ရေပိုလွှဲမှ ရေကျော်ကျမှု ဆက်လက်မြင့်တက်လာပြီး မူလဒီဇိုင်းပြုသတ်မှတ်ထားသော Maximum High Flood level သို့ ရောက်ရှိကာ တမံအောက်ဘက်ဒေသများ ရေကြီးမှုဖြစ်ပေါ်နိုင်၍ အဝါရောင်အလံလွှင့်ထူရန်၊ ရေပိုလွှဲမှ ရေကျော် စီးထွက်နေမှုမှာ မူလဒီဇိုင်းပြုသတ်မှတ်ထားသည့် Maximum High Flood level ထက် ကျော်လွန်ပြီး ရေပိုလွှဲအဆောက်အအုံ ကျိုးပေါက်ပျက်စီးစေနိုင်သည့် အခြေအနေ ဖြစ်ပေါ်ပါက အနီရောင် အလံလွှင့်ထူပြီး အသံချဲ့စက်ဖြင့် လှည့်လည်ကြေညာ ဆောင်ရွက်ရန်တို့ကို ဆည်ရေသောက် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအား ရှင်းလင်းဆွေးနွေး ပြောကြားခဲ့သည်။
ထို့နောက် အဝါ၊ အစိမ်း၊ အနီရောင် အလံ(၃)ထည်ကို ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအား တာဝန်ရှိသူများက ပေးအပ်ခဲ့ကြောင်း သိရသည်။
မယု(ငဖဲ) (ပြန်/ဆက်)


