ငဖဲ   ၂  ဇူလိုင်

 

ယခုနှစ်မိုးစပါးစိုက်ပျိုးရာသီတွင် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ်အတွင်းရှိ မန်းချောင်း ရေလှောင်တမံ ဆည်ရေသောက် ဧရိယာများတွင် မိုးစပါးစိုက်ပျိုးရန် လျာထားဧက ၂၉၇၄ ဧကအတွက် စတင်ပျိုးထောင် စိုက်ပျိုးနိုင်ရန် ယမန်နေ့မှစတင်၍ ဆည်ရေပေးဝေလျက်ရှိကြောင်း ငဖဲမြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာန ဦးစီးမှူး ဦးအောင်ကိုဦး ထံမှ သိရသည်။

 

၂၀၂၁-၂၀၂၂ ခုနှစ် မိုးစပါးများ စိုက်ပျိုးရာသီတွင် မန်းချောင်းရေလှောင်တမံ ဆည်ရေသောက် ဧရိယာ အတွင်းရှိ မြောင်းလက်တံအလိုက် မိုးစပါးစိုက်ပျိုးရန် လျာထားမှုအနေဖြင့် လက်ဝဲမြောင်းမကြီးရှိ ကျေးရွာ အုပ်စု ၆ အုပ်စု ကွင်းပေါင်း ၁၄ ကွင်းတွင် လျာထားဧက ၁၀၀၃ ဧက၊ လက်ယာမြောင်းမကြီး တစ်လျောက်ရှိ ကျေးရွာအုပ်စု  ၇ အုပ်စု ကွင်းပေါင်း  ၁၅ ကွင်းအတွက် လျာထားဧက  ၁၉၇၁) ဧက စုစုပေါင်း ၂၉၇၄ ဧက နှင့် ရင်းရှည် တမံဆည်ရေသောက် ဧရိယာအတွင်းရှိ ကျေးရွာအုပ်စု  ၂ အုပ်စု ကွင်းပေါင်း ၄ ကွင်းရှိ လျာထားဧက  ၂၈၅ ဧက စုစုပေါင်း ကျေးရွာအုပ်စု  ၁၅ အုပ်စု ကွင်းပေါင်း  ၃၃  ကွင်းတွင် မိုးစပါးများ ပျိုးထောင်စိုက်ပျိုးနိုင်ရန် လျာထား ဧက  ၃၂၅၉ ဧက လျာထားကြောင်း သိရသည်။

 

အဆိုပါမန်းချောင်းရေလှောင်တမံ၏ ကန်ရေပြည့် ရေသိုလှောင်ပမာဏမှာ ၁၂၀၀၀၀ ဧကပေဖြစ်ပြီး ယနေ့လက်ရှိ ရေသိုလှောင်ပမာဏမှာ ၃ သိန်း ၅သောင်းကျော် ရှိတာဖြစ်တဲ့အတွက် ဆည်ရေပေးဝေနိုင်တဲ့ ဧရိယာမှာ မိုးစပါး ၂၉၇၄ ဧက စိုက်ပျိုးဖို့လျာထားကြောင်း၊ မိုးစပါးစတင် ပျိုးထောင်ရေအတွက် ဇူလိုင်လ ၁ ရက်ကစ၍ ဆည်ရေပေးဝေလျက် ရှိကြောင်း၊ ရင်းရှည်ရေလှောင်တမံ ဆည်ရေသောက်ဧရိယာ အတွင်းမှ မိုးစပါးပျိုးထောင်ရန်အတွက် စိုက်ပျိုးရေကို ဇူလိုင်လ ၂၀ ရက်တွင် စတင်ပေးဝေသွားမည်ဖြစ်ကြောင်း သိရသည်။

 

မယု(ငဖဲ)

mdn