ငဖဲ ဩဂုတ် ၁၃

 

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်တွင် ရင်းရှည်ရေလှောင်တမံနှင့် မန်းချောင်းရေ လှောင်တမံရှိသည့်အနက် မန်းချောင်းရေလှောင်တမံသည် တမံအမြင့် ပေ ၆၄၀၊ ဆည်ရေပြည့်အမှတ် ၆၂၅ ပေ ရှိရာမှ  ဩဂုတ် ၁၃ ရက်တွင် ၆၂၅ ဒသမ ၂၀ ပေသို့ ရောက်ရှိပြီး ပင်မရေပိုလွှဲမှ ဝ ဒသမ ၂ ပေအမြင့်အဖြစ် စတင်ရေကျော်လျက်ရှိ၍ အရေးပေါ်အခြေအနေ ကြိုတင်စီမံခန့်ခွဲမှုစီမံချက်အရ ပြည်သူများသိရှိနိုင်ရန် အစိမ်းရောင်အလံ လွှင့်ထူထားရှိကြောင်း ငဖဲမြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်စန်းမြင့်ကြည်ထံမှ သိရသည်။

 

ယခုလက်ရှိတွင် မန်းချောင်းရေလှောင်တမံအတွင်း ရေပြည့်မှတ်ကျော်လွန်၍ ရေပိုလွှဲမှ ရေကျော်ကျမှုများ ရှိနေသော်လည်း မြို့နယ်အတွင်းရှိ ပြည်သူများသိရှိနိုင်ရန် အရေးပေါ်အခြေအနေ ကြိုတင်စီမံခန့်ခွဲမှု အဆင့်(၁)အဖြစ် သတ်မှတ်ပြီး တမံရေပိုလွှဲ၊ ရေထုတ်ပြွန်နှင့် ရှင်းလင်းဆောင်နေရာများတွင် လည်းကောင်း၊ မန်းချောင်းတမံ ဆည်ရေသောက်ဧရိယာအတွင်းရှိ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးများတွင် လည်းကောင်း အစိမ်းရောင်အလံ လွှင့်ထူထားရှိပြီး တမံ၊ ရေထုတ်ပြွန်နှင့် ဆက်စပ်အဆောင်အဦများအားလုံး ကြံ့ခိုင်ကောင်းမွန်ကြောင်းနှင့် ၂၄ နာရီ ရေကင်းတာဝန်ချထားပြီး အနီးကပ်ကြီးကြပ်လျက်ရှိကြောင်း သိရသည်။

 

ငဖဲမြို့နယ် မန်းချောင်းရေလှောင်တမံမှ ယခင် ၂၀၂၁ ခုနှစ်ကလည်း ရေကျော်ကျမှုရှိပြီး ဒေသခံ ပြည်သူများအနေဖြင့် စိုးရိမ်စရာအခြေအနေမရှိကြောင်း၊ တမံအထက်ပိုင်းတွင် မိုးရေချိန် ဝ ဒသမ ၉၇ လက်မ ရွာသွန်းခဲ့သည့်အတွက် ဆည်အတွင်း တောင်ကျချောင်းရေနှင့် မိုးရေများအဆက်မပြတ် ဝင်ရောက်မှုတို့ကြောင့် ရေပိုလွှဲမှ ရေကျော်ကျခြင်းဖြစ်ကြောင်းနှင့် တမံအခြေအနေများနှင့်ပတ်သက်၍ စိုးရိမ်ဖွယ်ရာ အခြေအနေ ရှိ/မရှိ အချိန်နှင့်တစ်ပြေးညီ အသိပေးနှိုးဆော်သွားမည်ဖြစ်ကြောင်း သိရသည်။

 

မယု(ငဖဲ)