ငဖဲ   ၂၇  ဇန်နဝါရီ

မင်းဘူးခရိုင် ငဖဲမြို့နယ်ရှိ မန်းချောင်းရေလှောင်တမံဆည်မှ ယနေ့ နံနက် ၆ နာရီမှစ၍ မင်းဘူး(စကု)မြို့နယ် အိုင်းမ ရေလွှဲဆည်သို့ ဆည်ရေများ စတင်လွှတ်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ရေပေးဝေမှုကို မန်းရွှေစက်တော် ဗုဒ္ဓပူဇနိယပွဲတော်အမှီ ပေးဝေခြင်းဖြစ်ပြီး ဇန်နဝါရီ ၂၈ ရက်တွင် ရေထပ်မံတိုးလွှတ်ပေးသွားမည်ဖြစ်ကာ မန်းချောင်းတစ်လျှောက် ရေအနည်းငယ်တိုးလာမည်ဖြစ်ကြောင်း၊ ဘုရားဖူးပြည်သူနှင့် စျေးဆိုင်ခန်းများ၊ တည်ခိုဆောင်များ အဆင်ပြေစေရေးအတွက် ဘုရားပွဲတော်ကာလတစ်လျှောက် ပုံမှန်ရေပေးဝေသွားမည်ဖြစ်ကြောင်း ငဖဲမြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနရုံးမှ သိရသည်။

ငဖဲမြို့နယ် မန်းချောင်းရေလှောင်တမံဆည်သည် ငဖဲမြို့နယ်နှင့် မင်းဘူး(စကု)မြို့နယ်တွင်းရှိ မိုးသီးနှံ၊ နွေသီးနှံနှင့် ဆောင်းသီးနှံ စိုက်ပျိုးရန်အတွက်သာမက မန်းရွှေစက်တော်ဘုရားပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး၊ ဘုရားဖူးပြည်သူများ စိတ်အေးချမ်းသာစွာ အနားယူနိုင်ရေး၊ မီးဘေးကြိုတင်ကာကွယ်ရေးတို့ အတွက်ပါ အကျိုးပြုနေသော ဆည်တစ်ခုဖြစ်ကြောင်း သိရသည်။

အဆိုပါဆည်ရေများကို ၂၀၁၉ ခုနှစ်၊ မိုးစပါးများရိတ်သိမ်းချိန် နိုဝင်ဘာ ၃၀ ရက်မှစ၍ ရေပေးဝေမှု ရပ်ဆိုင်းထားရာမှ ယနေ့တွင် ဆည်ရေများ ပြန်လည်လွှတ်ပေးခြင်း ဖြစ်သည်။

မယု(ငဖဲ)