ငဖဲ ၂၄ ဇန်နဝါရီ
မင်းဘူးခရိုင် ငဖဲမြို့နယ် တောင်ပေါ်ဒေသတွင် ဘိန်းစိုက်ပျိုးမှု မရှိစေရေးအတွက် ဒုတိယအကြိမ် ကွင်းဆင်း စစ်ဆေးဖျက်ဆီးမှုဆောင်ရွက်လျက်ရှိရာ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းမောင် ဦးစီးသော တပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းစစ်ကြောင်း အဖွဲ့(၁)သည် ဇန်နဝါရီလ ၂၃ ရက် မနက်ပိုင်းတွင် နောင်ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးအိမ်၌ ကျေးရွာ ပြည်သူများအား စိုက်ပျိုးရေး၊မွေးမြူရေး၊ကျန်းမာရေးနှင့် မူးယစ်ဆေးဝါးဆိုင်ရာ ကိစ္စရပ်များကို အသိပညာပေးဟောပြောပွဲဆောင်ရွက်ခဲ့သည်။

ဆက်လက်ပြီး နံနက်၁၁ နာရီခန့်တွင် နောင်ကျေးရွာ၏အနောက်တောင်ဘက် ၄ မိုင်ခန့်အကွာ လျှိုအတွင်းတွင် ဘိန်းပင်အမြင့် ၃ ပေခန့်ရှိ ဘိန်းစိုက်ခင်း(၃)ဧက၊ ဆက်လက်ရှာဖွေရာ ပထမအခင်း၏ တောင်ဘက် ၅ဖာလုံခန့် အကွာလျှိုအတွင်းတွင် (၂.၅)ဧကနှင့် အနောက်ဘက် ၂ ဖာလုံခန့်အကွာလျှိုအတွင်းတွင် (၁.၅)ဧက ခန့်၊ စုစုပေါင်း(၇)ဧကခန့်တွေ့ရှိ၍ ဝိုင်းဝန်းဖျက်ဆီး ရှင်းလင်းခဲ့ကြောင်း သိရသည်။
မယု(ငဖဲ)