ငဖဲ ဇူလိုင် ၁၄
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် ငလှိုင်တောကျေးရွာတွင် တိုင်းဒေသကြီးရန်ပုံငွေဖြင့် ကျော်နှင့်သန်းကုမ္မဏီက ကျေးရွာမီးရရှိရေးကို ၂၀၂၀ ပြည့်နှစ် ဇူလိုင်လက စတင်ဆောင်ရွက်ခဲ့ရာ ၂၀၂၁ ခုနှစ် ဇူလိုင် ၁၃ ရက်တွင် လမ်းမီးများ စတင်ရရှိခဲ့သည်။
လျှပ်စစ်မီးဖွင့်ပွဲကို ဇူလိုင် ၁၃ ရက် ည ၇ နာရီက ငလှိုင်းတောကျေးရွာ အခြေခံပညာမူလတန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ရာ ငဖဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်သိန်းလှိုင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်လျှပ်စစ်မန်နေဂျာနှင့် ဝန်ထမ်းများ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာမီးလင်းရေး ကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ မြို့နယ်လျှပ်စစ်မန်နေဂျာ ဦးအောင်ကျော်မြင့် ကလမ်းမီးများစတင်ရရှိပြီး မကြာခင် အိမ်မီးများပါရရှိမည် ဖြစ်သည့်အတွက် လျှပ်စစ်မီးများကို စနစ်တကျသုံးစွဲတတ်ရန် လိုအပ်ကြောင်း၊ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး သတိထားဆောင်ရွက်ရမည့် အချက်များကို ကျေးရွာပြည်သူများအား အသိပညာပေး ပြောကြားခဲ့သည်။
အဆိုပါမီးရရှိရေးတွင် 11 လိုင်း ၁ မိုင် ၄ ဖာလုံခန့် 100KVA ထရမ်စဖော်မာ ၁ လုံးနဲ့ ဆက်စပ်ပစ္စည်းများကို တိုင်းဒေသကြီးရန်ပုံငွေမှကျခံပြီး ကျေးရွာပြည်သူထည့်ဝင်ငွေကျပ် ၂၀၂ သိန်းခန့်ဖြင့် ကျေးရွာတွင်း ဗို့အားလိုင်းသွယ်တန်းခြင်းနှင့် လမ်းမီးပွင့် ၄၈ ပွင့်တပ်ဆင်ပြီး နေ့စဉ် ညနေ ၆ နာရီခွဲမှ မနက် ၅ နာရီခွဲအထိ လမ်းမီးများ ထွန်းလင်းရရှိသွားမည်ဖြစ်ကြောင်း သိရသည်။
ငဖဲမြို့နယ်တွင် ယခုလအတွင်း NEP စီမံချက်ဖြင့် ကျေးရွာမီးရရှိသည့် ကျေးရွာများမျာ ပေကုန်း၊ ပင်ဦး၊ ရင်းရှည်၊ ချောင်းဖြူ၊ ဆင်ချည်တိုင်၊ စာတတ်ကူ ကျေးရွာများဖြစ်ပြီး တိုင်းဒေသကြီးရန်ပုံငွေဖြင့် ကျေးရွာမီးရရှိသည့် ကျေးရွာများမှာ နယ်တော၊ စစ်တော၊ မြစ်ဖျား၊ သရက်ပင်၊ ကံသာ၊ ငလှိုင်တော ကျေးရွာ စသည့် ကျေးရွာပေါင်း ၁၂ ရွာ လျှပ်စစ်မီးရရှိခဲ့ကြောင်း သိရသည်။
မယု(ငဖဲ)


