ငဖဲ ၂၈ ဇွန်

 

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ်တွင် နယ်စပ်အစွန်အဖျား ကျေးရွာများနေ ဒေသခံ တောင်ပေါ်တိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေး၊ လမ်းပန်းဆက်သွယ်မှု ကောင်းမွန်ရေးအတွက် မကွေးတိုင်းဒေသကြီး ကျေးလက်လမ်းဦးစီးဌာန၏ ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ငရံ့ချောင်း-ငဖြူကြီး ကျေးရွာချင်းဆက်လမ်း ဖောက်လုပ်မှု ၉၅ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

 

အဆိုပါလမ်းကို ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလမှ စတင်ဆောင်ရွက်ခဲ့ရာ ယနေ့တွင် လုပ်ငန်း၏ ၉၅ ရာခိုင်နှုန်းပြီးစီးပြီဖြစ်၍ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုးမြင့်၊ အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးစန်းကြူ၊ အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လွင်၊ မြို့နယ်တည်ဆောက်ရေးနှင့် အရည်အသွေးစစ်ဆေးရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆန်းထွန်းနှင့် ကော်မတီဝင်များက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

 

လွှတ်တော်ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများအဖွဲ့သည် မြို့နယ်ကျေးလက်လမ်းဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေကျပ် သန်း ၁၈၀ ဖြင့် တာဝန်ယူဆောင်ရွက်သည့် ငရံ့ချောင်း-ငဖြူကြီး အရှည် ၇ မိုင် မြေသားလမ်း ကျေးရွာချင်းဆက် လမ်းအူကြောင်းအသစ်ရှာဖွေ ဖောက်လုပ်ခြင်းနှင့်  ချောင်းခြောက်ခင်းခြင်းလုပ်ငန်း ၉၅ ရာခိုင်နှုန်း ဖောက်လုပ်ပြီးစီးမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ငဖြူကြီး ကျေးရွာတွင် ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးအတွက် ကျန်းမာရေး၊ ရေရရှိရေး၊ မီးရရှိရေး စသည့်လိုအပ်ချက်များ၊ ဆောင်ရွက်ပေးစေလိုသည့် လုပ်ငန်းများကို ပြည်သူများက တင်ပြကြရာ သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ဆွေးနွေး ဖြေကြားပေးခဲ့ကြောင်း သိရသည်။

 

မြို့နယ်(ပြန်/ဆက်)