ငဖဲ ၁၈ မေ
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ငဖဲမြို့နယ် ဘုံးဘော ကျေးရွာတွင် ကော်ဖီတိုးချဲ့စိုက်ပျိုးနိုင်ရေးနှင့် ဝဥစိုက်ပျိုးရေးတို့အတွက် မေ ၁၇ ရက်နေ့က မကွေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးလင်းမြတ်၊ မင်းဘူးခရိုင် ဦးစီးမှူးဒေါ်နီလာမော်နှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးမြင့်သိန်း တို့ကကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် ဘုံးဘောကျေးရွာမှ ကော်ဖီစိုက်တောင်သူ ဆလိုင်းဝင်းမောင် ၏ စိုက်ခင်းတွင် ကော်ဖီစိုက်တောင်သူများအား တွေ့ဆုံ၍ မကွေးတိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးလင်းမြတ်က ကော်ဖီမျိုးစေ့နှင့် ပျိုးပင်များ ပံ့ပိုးမည့်ကိစ္စရပ်များ၊ ကော်ဖီစိုက်ပျိုးခြင်း နည်းပညာနှင့် ရိတ်သိမ်းချိန်လွန် နည်းပညာများကို ကိုဗစ်-၁၉ ရောဂါကာလအလွန်တွင် သင်တန်းဖွင့်လှစ် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်းနှင့် ဘုံးဘောကျေးရွာတွင် ကော်ဖီတိုးချဲ့ စိုက်ပျိုးနိုင်ရေး အသိပညာပေး ဆွေးနွေးပြောကြားပြီး ဒေသခံတောင်သူများမှ ကော်ဖီစျေးကွက်ရရှိရေး ချိတ်ဆက်ဆောင်ရွက်ပေးရန် တင်ပြရာ တာဝန်ရှိသူများက ကော်ဖီစျေးကွက်ကောင်း ရရှိနိုင်ရေး ပြန်လည် ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် နတ်ရေကန်ဒေသ စင်ကိုနာခြံတွင် ဝဥစိုက်ပျိုးနိုင်ရေးအတွက် မြေနေရာကြည့်ရှုပြီး ပင်ဦးကျေးရွာသို့ ဆက်လက်သွားရောက်၍ တောင်သူဦးမောင်ဝင်းနှင့် ဦးစန်းအေးတို့ GAP စနစ်ဖြင့် စိုက်ပျိုးထားသော စိန်တစ်လုံးသရက်ခြံသို့ သွားရောက်၍ စိုက်ပျိုးရေးနည်းပညာများ အသိပညာပေး ပြောကြားခဲ့ကြောင်း သိရသည်။
မယု(ငဖဲ)


