ငဖဲ ဇူလိုင် ၁၂

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ် ပေကုန်းကျေးရွာအုပ်စုတွင် အမျိုးသား လျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း (NEP Phase-1) ဖြင့် ဓနရာဇာကုမ္မဏီက ကျေးရွာမီးရရှိရေးကို ၂၀၂၀ ပြည့်နှစ် မတ်လက စတင်ဆောင်ရွက်ခဲ့ရာ ၂၀၂၁ ခုနှစ် ဇူလိုင်လ ၁၁ ရက်တွင် လမ်းမီးများ စတင်ရရှိသည့်အတွက်  လျှပ်စစ်မီးဖွင့်ပွဲကို ဇူလိုင် ၁၁ ရက် ညနေ ၅ နာရီက ပေကုန်းကျေးရွာအဝင်တွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ငဖဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်သိန်းလှိုင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်လျှပ်စစ်မန်နေဂျာနှင့် ဝန်ထမ်းများ၊ ပေကုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် ကျေးရွာမီးလင်းရေးကော်မတီဝင်များ၊ ကျေးရွာပြည်သူများ တက်ရောက်ခဲ့ကြသည်။

မီးဖွင့်ပွဲတွင် မြို့နယ်မန်နေဂျာ ဦးအောင်ကျော်မြင့်က လမ်းမီးများစတင်ရရှိပြီး မကြာခင် အိမ်မီးများပါ ရရှိမှာဖြစ်သည့်အတွက် လျှပ်စစ်မီးများကို စနစ်တကျသုံးစွဲတတ်ရန်လိုအပ်ကြောင်း၊ လျှပ်စစ်အန္တရာယ် ကင်းရှင်းရေး သတိထားဆောင်ရွက်ရမည့် အချက်များကို ကျေးရွာပြည်သူများအား အသိပညာပေးပြောကြားခဲ့သည်။

အဆိုပါ ပေကုန်းကျေးရွာအုပ်စုတွင် အိမ်ခြေ (၂၇၈)အိမ်၊ အိမ်ထောင်စု (၂၉၈)စုရှိပြီး ကျေးရွာမီးရရှိရေးအတွက် 11 လိုင်း တစ်မိုင်ခန့်၊ 100KVA ထရမ်စဖော်မာ ၂ လုံးနှင့် ဆက်စပ်ပစ္စည်းများကို NEP Phase-1 မှကျခံကာ ကျေးရွာပြည်သူထည့်ဝင်ငွေ ကျပ်သိန်း ၃၅၀ ခန့်ဖြင့် ကျေးရွာတွင်းဗို့အားလိုင်း သွယ်တန်းခြင်းနှင့် လမ်းမီးပွင့် ၁၁၇ ပွင့် တပ်ဆင်ခြင်းကို ဆောင်ရွက်၍ နေ့စဉ် ညနေ ၆ နာရီမှ မနက် ၆ နာရီထိ လမ်းမီးများ ထွန်းလင်းရရှိသွားမည်ဖြစ်ကြောင်း သိရသည်။

မယု(ငဖဲ)