ငဖဲ   ၅   ဖေဖော်ဝါရီ

 

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ငဖဲမြို့နယ်အတွင်းရှိ ကျေးရွာများမှ ကျေးလက်နေပြည်သူများ သန့်ရှင်းသောသောက်သုံးရေ ပေးဝေရေးဆိုင်ရာ အချက်အလက် စစ်တမ်းများကို မိုဘိုင်းစနစ်ဖြင့် ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ပထမပတ် အတွင်းမှစတင်ကာ ကွင်းဆင်းစစ်တမ်း ကောက်ယူလျက်ရှိကြောင်း သိရသည်။

 

ရှေးဦးစွာ ငဖဲမြို့နယ်အတွင်းရှိ ရေမီတာစနစ်ဖြင့် ရေပေးဝေရေးတပ်ဆင်ထားသော ကျေးရွာ ၇ ရွာမှ ကျေးလက် ရေပေးဝေရေးဆိုင်ရာ အချက်အလက်များကို Mobile စနစ်အသုံးပြုကာ ကျေးရွာ များတွင်ရှိသော အိမ်ထောင်စုများ၊ စာသင်ကျောင်း၊ ကျေးလက်ဆေးပေးခန်းများတွင် လက်ရှိအသုံး ပြုလျက်ရှိသော သောက်သုံးရေ အခြေအနေများ၊ သောက်သုံးရေကို မည်သည့်ရေအရင်းအမြစ်မှ ရယူသုံးစွဲနေသည့် အချက်အလက်များနှင့် ၎င်း ရေအရင်းအမြစ်များ၏ ယခင်နှင့်ယခု အခြေအနေများကို စစ်တမ်းကောက်ယူခဲ့ကြသည်။

 

ထို့ပြင် ငဖဲမြို့နယ်အတွင်းရှိ ကျေးရွာ ၇၈ ရွာအနက် ကျေးရွာ ၅၄ ရွာအား စစ်တမ်းကောက်ယူပြီးစီး၍ ကျန် ကျေးရွာ ၂၄ ရွာတွင်လည်း ရေပေးဝေရေး ဆိုင်ရာအချက်အလက်စစ်တမ်းများအား ဆက်လက် ကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ ကျေးလက်ရေရရှိရေးဆိုင်ရာ အချက်အလက်များ စစ်တမ်းကောက်ယူခြင်းဖြင့် ကျေးလက်ဒေသများ၌ ရေသုံးစွဲမှုအပေါ် လုံလောက်မှု ရှိ/မရှိ နှင့် နွေရာသီကာလ ရေရှားပါးမှု အခြေအနေများကို အလွယ်တကူ သိရှိလာနိုင်စေရန် ရည်ရွယ်ပြီး စစ်တမ်းကောက်ယူရခြင်း ဖြစ်ပါကြောင်း ငဖဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဝေလင်းမောင်က ပြောသည်။

 

သူရိန်(မင်းဘူး)