ငဖဲ ၂၆ ဧပြီ
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်၌ ယူနီဆက်မှ ထောက်ပံ့ပေးအပ်သော ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးနှင့် ပက်သက်သည့် အသိပညာပေး လက်ကမ်းစာစောင်များအား ယနေ့ နံနက် ၉ နာရီက မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက တာဝန်ရှိသူများ ကွင်းဆင်းဖြန့်ဝေခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းဖြန့်ဝေရာတွင် ငဖဲမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးဝေလင်းမောင် နှင့် ဝန်ထမ်းများသည် မြို့နယ်အဆင့်ဌာနဆိုင်ရာမှ တာဝန်ရှိသူများ နှင့်အတူ ငဖဲမြို့နယ်အတွင်းရှိ ကျေးရွာ ၇၈ ရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူးများထံသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးနှင့် ပက်သက်သည့် အသိပညာပေး လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ပြီး ကျေးရွာပြည်သူများအနေဖြင့်လည်း လိုက်နာရမည့်အချက်များအား လိုက်နာသွားကြရန် ဆွေးနွေးမှာကြားခဲ့သည်။
“ကိုဗစ်-၁၉ရောဂါ ကင်းဝေးစေရေးအတွက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ NGO အဖွဲ့တို့မှ အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဝေလင်းမောင်နှင့် ဝန်ထမ်းများက မြို့နယ်အတွင်းရှိ ကျေးရွာများတွင် ကိုဗစ်-၁၉ ရောဂါကင်းဝေးစေရန် ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ ရောဂါကူးစပ်နိုင်ခြေရှိသည့် နည်းလမ်းများ၊ ရောဂါလက္ခဏာများ၊ ကာကွယ်နိုင်မည့် နည်းလမ်းများ၊ စနစ် တကျ လက်ဆေးနည်းများ၊ နှာချေချောင်းဆိုးသည့်အခါတိုင်း လိုက်နာရမည့်အချက်များနှင့် နှာခေါင်းစည်းများ တပ်ဆင်ရာတွင် အကြံပြုချက်များ၊ လိုက်နာရမည့်အချက်များစသည့် ကျန်းမာရေးဆိုင်ရာ အသိပညာ ပေးလက်ကမ်းစာစောင်များကို မြို့နယ်အတွင်းရှိ ကျေးရွာ ၇၈ ကို ဖြန့်ဝေပေးခဲ့ပါတယ်” ဟု ငဖဲမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ မြို့နယ် ဦးစီးမှူး ဦးဝေလင်းမောင်က ပြောပြ၍ သိရသည်။
သူရိန်(မင်းဘူး)


