ငဖဲ စက်တင်ဘာ ၂၀

 

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် သန်းခေါင်စာရင်းကော်မတီ၏ ကြီးကြပ်မှုဖြင့် မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်သင်တန်းကို ယနေ့နံနက် ၉ နာရီက ငဖဲမြို့ အခြေခံပညာ အထက်တန်းကျောင်း ဗိုလ်ရွှဲခန်းမ၌ ဖွင့်လှစ်ပို့ချလျက်ရှိကြောင်း သိရသည်။

 

သင်တန်းတွင် ငဖဲမြို့နယ် သန်းခေါင်စာရင်းကော်မတီ အတွင်းအရေးမှူး မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဦးစီးမှူး ဦးပွားမောင်က ဦးဆောင်ကြီးကြပ်၍ မြို့နယ်အတွင်းရှိ အထက်တန်းပြဆရာ နည်းပြ(၃)ဦးက သန်းခေါင်စာရင်းဆိုင်ရာ အဓိကသဘောတရားများ၊ ဘာသာရပ်ဆိုင်ရာ အကြောင်းအရာများ၊ လက်တွေ့လေ့ကျင့်ခန်းများ အပြန်အလှန်ဆွေးနွေးခြင်း၊ စာရင်းစစ်၊ စာရင်းကောက်ဆိုင်ရာ အကြောင်းအရာများ၊ သန်းခေါင်စာရင်းဆိုင်ရာ အချက်အလက်များ၊ ပဟေဠိအမေးအဖြေများနှင့် ထိရောက်လွယ်ကူသည့် နည်းလမ်းများဖြင့် သင်တန်းသား/ သင်တန်းသူ ဆရာ၊ ဆရာမ (၃၉)ဦးအား လေ့ကျင့်သင်ကြား ပို့ချပေးလျက်ရှိသည်။

 

အဆိုပါသင်တန်းကို စက်တင်ဘာ ၁၇ ရက်မှ ၂၇ ရက်ထိ ၁၀ ရက်ကြာ စာတွေ့/လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့၌ စာရင်းကောက်ယူရာတွင် ငဖဲမြို့နယ်အတွင်း ရပ်ကွက် ၂ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၁၈ အုပ်စု၊ ကောက်ကွက်ပေါင်း ၁၀၃ ကွက်တို့၌ စာရင်းစစ် ၉ ဦး၊ စာရင်းကောက် ၃၃ ဦးတို့က Mobile Tablet များအသုံးပြု၍ တစ်အိမ်တက်ဆင်း စနစ်တကျ စာရင်းကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

 

မယု(ငဖဲ)