ငဖဲ ဒီဇင်ဘာ ၂၆
မကွေးတိုင်းဒေသကြီး ငဖဲမြို့နယ်၌ ယခုနှစ်ခုနှစ်ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ဆီထွက်သီးနှံ မြေပဲ၊ နေကြာ၊ နှမ်းနှင့် ပန်းနှမ်းစိုက်ပျိုးခြင်းကို တစ်မြို့နယ်လုံးတွင် ဧက ၁၉၀၀ စိုက်ပျိုးရန်လျာထားပြီး ဒေသခံတောင်သူများက ယခုနှစ်အောက်တိုဘာလမှ စတင်စိုက်ပျိုးခဲ့ရာ လက်ရှိအချိန်အထိ ၈၆၄ ဧက စိုက်ပျိုးပြီးဖြစ်သည်။
ယခုနှစ်ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ငဖဲမြို့နယ်အတွင်း ဆီထွက်သီးနှံစိုက်ပျိုးစွမ်းအား တိုးတက်စေရန်၊ ဆီစားသုံးမှုဖူလုံစေရန်နှင့် တောင်သူများ သီးနှံဝင်ငွေ တိုးပွားစေရန် ရည်ရွယ်ပြီး မြေပဲ၊ နေကြာ၊ နှမ်းနှင့် ပန်းနှမ်းကို စိုက်ပျိုးကြကြောင်း၊ သတ်မှတ်လျာထားဧက ပြည့်မီရန်နှင့် အထွက်နှုန်းကောင်းမွန်စေရန်အတွက် ဒေသခံတောင်သူများကို စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ၊ စိုက်နည်းစနစ်များကို စနစ်တကျစိုက်ပျိုးနိုင်ရေး တောင်သူအသိပညာပေးခြင်းများရှိပြီး သက်ဆိုင်ရာ ကွင်းဝန်ထမ်းများကလည်း ကွင်းဆင်းကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးက ပြောသည်။
ငဖဲမြို့နယ်၌ ၂၀၂၄-၂၀၂၅ ခုနှစ် ဆီထွက်သီးနှံ (ဆောင်း)များအဖြစ် လက်ရှိအချိန်ထိ မြေပဲ ၁၅၁ ဧက၊ နေကြာ ၅၁၇ ဧက၊ နှမ်းဧက ၁၂ဝ နှင့် ပန်းနှမ်း ၇၆ ဧက စုစုပေါင်း ၈၆၄ ဧက စိုက်ပျိုးပြီးစီးပြီး ဒေသခံတောင်သူများအနေဖြင့် လျာထားချက်ပြည့်မီရေး စိုက်ပျိုးဆောင်ရွက်လျက်ရှိကြောင်း၊ ယခုနှစ်တွင် ဆီထွက်သီးနှံအဖြစ် နေကြာကို ပိုမိုစိုက်ပျိုးနိုင်ခဲ့ကာ ရေမြေရာသီဥတုနှင့် ကိုက်ညီပြီး အထွက်နှုန်းကောင်းမွန်သည့်မျိုးများကို ရွေးချယ်စိုက်ပျိုးကြကြောင်း သိရသည်။
မယု(ငဖဲ)