ငဖဲ ဇန်နဝါရီ ၁၄
မကွေးတိုင်းဒေသကြီး ငဖဲမြို့နယ် စိုက်ပျိုးရေးညှိနှိုင်းကြီးကြပ်မှုကော်မတီ၏ ဦးဆောင်မှုဖြင့် ဒေသတွင်းစားသုံးဆီဖူလုံစေရေးအတွက် ကျေးရွာအုပ်စုများတွင် ဆီထွက်သီးနှံအဖြစ် ဆောင်းမြေပဲ ၁၇၂ ဧက စိုက်ပျိုးပြီးစီးနေပြီဖြစ်ရာ မြေပဲစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိသည်။
ဆောင်းမြေပဲများကို မန်းချောင်းနံဘေးတစ်လျှောက် ကျေးရွာများဖြစ်သည့် နယ်ဇောကျေးရွာအုပ်စု၊ ပန်းထိန်းကျေးရွာအုပ်စုနှင့် ဆင်ချည်တိုင်ကျေးရွာအုပ်စုများ၌ ရေထုတ်ရန်လွယ်ကူပြီး ရေစိမ့်စီးဆင်းမှု ကောင်းမွန်သောနုန်းမြေနှင့် သဲနုန်းမြေတို့တွင် စက်တင်ဘာလမှ နိုဝင်ဘာလအတွင်း အများဆုံးစိုက်ပျိုးကြသဖြင့် နှစ်စဉ်အထွက်နှုန်းကောင်းမွန်ကြောင်း သိရသည်။
ယခုနှစ် ဆောင်းမြေပဲစိုက်ပျိုးရာတွင် အပင်ပေါက် ၈၀ ရာခိုင်နှုန်း အထက်ရှိပြီး အထွက်နှုန်းကောင်းမွန်သည့်မျိုးများကို ဧက ၁၃၀ စိုက်ပျိုးရန် လျာထားရာ ယနေ့ထိ တွန်တာနီမျိုး ၉၆ ဧက၊ မကွေး-၁၆ ၇၅ ဧကနှင့် ဗီယက်နမ် တစ်ဧက စုစုပေါင်း ၁၇၂ ဧကကို ဒေသတွင်းစားသုံးဆီ ဖူလုံစေရေးအတွက် လျာထားချက်ထက် ပိုမိုစိုက်ပျိုးနိုင်ခဲ့သည်။
ငဖဲမြို့နယ်အတွင်း စိုက်ပျိုးထားရှိသော မြေပဲခင်းများ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းရေးနှင့် အထွက်နှုန်းကောင်းမွန်ရေးအတွက် သဘာဝမြေဩဇာနှင့် ဓာတ်မြေဩဇာများ စနစ်တကျထည့်သွင်းရေး၊ ပေါင်းသတ်ဆေးအသုံးပြုခြင်း၊ ပိုးမွှားရောဂါကာကွယ်နှိမ်နင်းရေး နည်းလမ်းများနှင့် စနစ်တကျရိတ်သိမ်းနည်းများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူးနှင့် သက်ဆိုင်ရာကွင်းဝန်ထမ်းများက အနီးကပ်ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မယု(ငဖဲ)