ငဖဲ ဇူလိုင် ၂၈
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်၌ မိုးသီးနှံများစိုက်ပျိုးရာသီတွင် ဒေသတွင်း စားသုံးဆီဖူလုံစေရေးအတွက် ဆီထွက်သီးနှံ မိုးမြေပဲ ၆၇၉ ဧက စိုက်ပျိုးရန်လျာထားခဲ့ရာ ယနေ့ထိ ၅၉၀ ဧက စိုက်ပျိုးပြီးစီးနေပြီး မြေပဲစိုက်ခင်းများအောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ငဖဲမြို့နယ်အတွင်း ၂၀၂၆ ခုနှစ်တွင် မိုးမြေပဲကို ဇွန်လမှစတင်စိုက်ပျိုးခဲ့ရာ ယနေ့ထိ မကွေး-၁၆ မျိုး ၂၁၅ ဧက၊ တွန်တာနီ ၂၄၈ ဧကနှင့် ဗီယက်နမ် ၁၂၇ ဧက စုစုပေါင်း ဧက ၅၉၀ စိုက်ပျိုးပြီးစီးပြီး လျာထားချက်ပြည့်မီရေးဆက်လက် စိုက်ပျိုးလျက်ရှိပါတယ်။ မြေပဲစိုက်တောင်သူများကို အထွက်နှုန်း ကောင်းပြီး အပင်ပေါက် ၈၀ ရာခိုင်နှုန်းအထက်ရှိသောမျိုးများကို ရွေးချယ်၍ စိုက်ပျိုးနည်းစနစ်မှန်ကန်စွာ စိုက်ပျိုးရန်နှင့် သွင်းအားစုများ စနစ်တကျ ထည့်သွင်းစိုက်ပျိုးဖို့၊ ပေါင်းသတ်ဆေး နှင့် ပိုးမွှားရောဂါ ကာကွယ်နှိမ်နှင်းရေး နည်းလမ်းတွေကို တောင်သူအသိပညာပေး ဆောင်ရွက်လျက်ရှိကြောင်း ၊ယခုနှစ်တွင် အထွက်နှုန်း ကောင်းမွန်သည့် တွန်တာနီမျိုးများကို ပိုမိုစိုက်ပျိုးကြကြောင်းနှင့် ၎င်းတို့အနက်မှ ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် ဧက ၃၅၀ လျာထားကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးမှူးဦးမြင့်သိန်း က ပြောကြားသည်။
ယခင်နှစ်က မိုးမြေပဲကို ၃၂၅ ဧက စိုက်ပျိုးနိုင်ခဲ့ပြီး တစ်ဧကအထွက်နှုန်း ၇၀.၁၅ တင်းခန့် ထွက်ရှိ ကြောင်းနှင့် ငဖဲမြို့နယ်အပြင် တခြားဒေသများ၌ ဆီထွက်သီးနှံဖြစ်သည့် မြေပဲကို လျာထားချက်ထက် ကျော်လွန်စိုက်ပျိုးနိုင်မည်ဆိုပါက ဒေသတွင်းစားသုံးဆီဖူလုံစေမည့်အပြင် ကုန်ဈေးနှုန်းတည်ငြိမ်ရေး ကိုလည်း အထောက်အကူပြုစေနိုင်မည်ဖြစ်ကြောင်း သိရသည်။
မယု(ငဖဲ)


