မကွေး ၂၇ မေ
မကွေးတိုင်းဒေသကြီး ငဖဲမြို့နယ်၌ စိန်တစ်လုံးသရက် စိုက်ပျိုးသောတောင်သူ ၄ ဦးအား သရက် (GAP) အသိအမှတ်ပြု လက်မှတ်ပေးအပ်ပွဲကို မေ ၂၆ ရက် ညနေပိုင်းက ပင်ဦးကျေးရွာမှ ၁.၂၀ ဧကရှိ စိန်တစ်လုံးသရက် စိုက်ပျိုးသော တောင်သူဦးမောင်ဝင်း၏ခြံတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပေးအပ်ပွဲတွင် ငဖဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူးဦးမြင့်သိန်းက GAP ဆိုသည်မှာ မြေပြုပြင် စိုက်ပျိုး ထုတ်လုပ်သည်မှ စားသုံးသူ လက်ဝယ်ရောက်သည်အထိ ထုတ်လုပ်သူ ကွင်းဆက် တိုင်းမှာ စားသုံးသူအတွက် အန္တရာယ်ဖြစ်စေသည့် ကူးစက်ညစ်ညမ်းမှုများအနည်းဆုံးဖြစ်စေရန် လိုက်နာရမည့် နည်းလမ်းများကို စုစည်းထားသည့်စံလုပ်ထုံးလုပ်နည်းလမ်းညွှန်မှုများဖြစ်ကြောင်း ၊ ငဖဲမြို့နယ်တွင် GAP စနစ်ဖြင့် စိုက်ပျိုးထားသော သရက်စိုက်တောင်သူ(၄)ဦးရှိကြောင်း၊ ထွက်ရှိလာ သော သရက်သီးနှံများအား စိုက်ပျိုးရေးဆိုင်ရာ နည်းစနစ်ကောင်းများဖြင့် စနစ်တကျစိုက်ပျိုး ထုတ်လုပ် ထားသည့်အတွက် သရက် (GAP)အသိအမှတ်ပြု လက်မှတ်ပေးအပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်း ပြောကြားသည်။
ထို့နောက် ငဖဲမြို့နယ် အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်ဦးခင်မောင်လွင်၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဆန်းထွန်း နှင့် တာဝန်ရှိသူများက အိုးမြေတွင်းကျေးရွာတွင် သရက်စိုက်ဧက (၃.၅၀)ရှိသော တောင်သူဦးမောင်တာ၊ ပင်ဦးကျေးရွာမှ (၁.၂၀)ဧကရှိတောင်သူဦးမောင်ဝင်းနှင့် (၃.၇၅)ဧကရှိ တောင်သူဦးစန်းအေး၊ကံရွာမှ(၁.၂၀)ဧကရှိတောင်သူဦးခင်အိုင်တို့အား သရက်(GAP) အသိအမှတ်ပြု လက်မှတ်များကို အသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။
မယု(ငဖဲ)


