ငဖဲ စက်တင်ဘာ ၁၃

 

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်တွင် ဒုတိယအကြိမ် ကိုဗစ် -၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံရန်ကျန်ရှိသူများ ကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲက ငဖဲမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးတွင် ငဖဲမြို့နယ်ကိုဗစ် -၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးအောင်သိန်းလှိုင်က ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်နှင့် ကူးစက်ပြန့်ပွားမှု လျော့နည်းစေရေးအတွက် ယခုဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံရာ၌ အကြောင်း အမျိုးမျိုးကြောင့် ဆေးထိုးရန်ကျန်ရှိနေသော ဆရာတော်၊ သံဃာတော်များ၊ သီလရှင်များ၊ နိုင်ငံ့ဝန်ထမ်းများနှင့် အသက်(၁၈)နှစ်အထက်ရှိ ပြည်သူများကို ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်၍ တက်ရောက်လာကြသည့် ကိုဗစ်-၁၉ကော်မတီဝင်များနှင့် ရပ်ကွက် / ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများက ကာကွယ်ဆေးထိုးနှံ ပေးခြင်းလုပ်ငန်း အောင်မြင်စွာထိုးနှံပြီးစီးနိုင်ရေးအတွက် လိုအပ်သည်များကို ဝိုင်းဝန်းပံ့ပိုး ကူညီဆောင်ရွက်ပေးကြရန် ဆွေးနွေးပြောကြားသည်။

 

ဆက်လက်၍ ငဖဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူးသက်နိုင်ဝင်းနှင့် အဖွဲ့ဝင် (၂)ဦးတင်မောင်အေး တို့က မြို့နယ်လုံးကျွတ် ဒုတိယအကြိမ်ကာကွယ်ဆေး အကြိမ်ရေပြည့် ထိုးနှံနိုင်ရေး သက်ဆိုင်ရာ ရပ်ကွက် / ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများက အသိပညာပေးပြောကြားခြင်း၊ စည်းရုံးဆောင်ရွက်ခြင်းများ ကြိုတင်စီစဉ် ဆောင်ရွက်ထားကြရန်နှင့် ပူးပေါင်းဆောင်ရွက်ကြရန် ဆွေးနွေးပြောကြားပြီး တက်ရောက်လာကြသူများက မြို့နယ်အတွင်းရှိ ဒုတိယအကြိမ် ကိုဗစ် -၁၉ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသူများ ကာကွယ်ဆေး လာရောက်ထိုးနှံနိုင်ရေး ဆောင်ရွက်ရမည့်လုပ်ငန်းများကို ဆွေးနွေးတင်ပြရာ မြို့နယ်အုပ်ချုပ်ရေးမှူးမှ လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပြောကြားခဲ့သည်။

ငဖဲမြို့နယ်တွင် ဒုတိယအကြိမ် ကိုဗစ် -၁၉ ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းကို ဩဂုတ်လ (၂၉)ရက်နေ့မှ စက်တင်ဘာလ (၁၂)ရက်နေ့အထိ ဆေးထိုးစုရပ် (၃)နေရာနှင့် ရပ်ကွက် / ကျေးရွာအုပ်စုများအရောက် မိုဘိုင်းကွင်းဆင်းထိုးနှံပေးခဲ့ရာ ဒေသခံပြည်သူ (၃၈၇၆) ဦးလာရောက်ထိုးနှံခဲ့ပြီး ပြည်သူ (၂၂၄)ဦး ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိနေသေးကြောင်းနှင့် အကြိမ်ရေပြည့်ထိုးနှံပြီးသူ (၆၁၄၅)ဦး ရှိကြောင်း သိရသည်။

မယု (ငဖဲ)