ငဖဲ   ၁၂   မေ

 

မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ် တောင်ပေါ်ဒေသတွင် ကော်ဖီစိုက်ဧက ၁၄၂၁ ဒသမ ၃၆ ဧကစိုက်ပျိုး အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

 

ငဖဲမြို့နယ်တောင်ပေါ်(နတ်ရေကန်)ဒေသသည် ပင်လယ်ရေမျက်နှာပြင်အမြင့်ပေ ၃၈၁၉ ပေတွင် တည်ရှိပြီး ကော်ဖီ၊ လက်ဖက်၊ ထောပတ်၊ ကမ္ဗလာ၊ ရှောက်ချို၊ ငရုတ်၊ ငှက်ပျော စသည့် နှစ်ရှည်သီးနှံပင်များကို အများဆုံးစိုက်ပျိုးကြသည်။ ငဖဲမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ကော်ဖီ-ရာသီသီးနှံဌာနခွဲ၊ နတ်ရေကန် (ကော်ဖီခြံ) တွင် အာရေဗီးကား(ဗီယက်နမ်)မျိုးကုန်းမြင့်ကော်ဖီ ၂၉ ဒသမ ၃၆ ဧကစိုက်ပျိုးထားပြီး တောင်ပေါ်ဒေသကျေးရွာများတွင် ပုဂ္ဂလိကစိုက်ဧက ၁၃၉၃ ဧက စိုက်ပျိုးထားသည်။

 

"အရည်အသွေးမြင့် ရောင်းတန်းဝင်ကော်ဖီအဖြစ် စိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် တောင်သူနည်း ပညာပေးသင်တန်း(၂)ကြိမ်နှင့် ကွင်းသရုပ်ပြပွဲ(၃)ကြိမ် သင်ကြားပြသပေးကြောင်း၊ နှစ်စဉ်ကော်ဖီစိုက် ဧက တိုးတက်လာသလို အထွက်နှုန်းတိုးတက်လာခဲ့ကြောင်း၊ ၂၀၁၉-၂၀၂၀ ခုနှစ်တွင် ၄၅ တန်နီးပါးထွက်ရှိပြီး နှစ်စဉ်သိန်း ၁၅၀ဝ ခန့်တောင်သူများ ဝင်ငွေရရှိကြောင်း၊ ကော်ဖီပင်နဲ့ ဆက်စပ်ပြီး ထောပတ်၊ ဝဥ၊ လိုက်ချီး၊ လက်ဖက် နှစ်ရှည်သီးနှံပင်များကြားညှပ်စိုက်ပျိုးကြ၍ တောင်ပေါ်ဒေသခံ ပြည်သူများ မိသားစုစားဝတ်နေရေးအဆင်ပြေကြောင်း၊ ယခု ကိုဗစ်-၁၉ ကာလတွင် ဌာနအနေဖြင့် တစ်ပတ်လျှင်ကျေးရွာ ၃ ရွာမှ တောင်သူများအား တစ်ရက်လျှင် ၂ ဦးနှုန်းခေါ်ယူ၍ ကော်ဖီမြေပြုပြင်ခြင်း၊ စိုက်ကျင်းတူးခြင်း၊ ရေခံတားကျင်းများ ဆောင်ရွက်ခြင်း၊ သဘာဝမြေဩဇာ ပြုလုပ်နည်းများ သင်ကြားပြသပေးကြောင်းနှင့် ယခုနှစ်မိုးရာသီအမီ တောင်သူများ စိုက်ပျိုးနိုင်ရေးအတွက် ကော်ဖီခြံတွင် ကော်ဖီပင်နှင့် အခြားအရိပ်ရပျိုးပင်ပေါင်း ခြောက်သောင်းကျော် ပျိုးထောင်ထားရှိပြီး အချိန်မီဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း" ကော်ဖီခြံတာဝန်ခံ ဦးဇော်သိန်းက ပြောကြားသည်။

 

ငဖဲမြို့နယ် နတ်ရေကန်(ကော်ဖီခြံ)မှ တစ်နှစ်လျှင် ကော်ဖီစေ့(၂ ဒသမ ၅)တန် နှင့်ပုဂ္ဂလိကစိုက်ခင်းများမှ (၄၂ ဒသမ ၅)တန် စုစုပေါင်း(၄၅)တန် ထွက်ရှိပြီး ၎င်းကော်ဖီများကို ရွာငံ၊ ရေနံချောင်းနှင့် ပြင်ဦးလွင်မြို့နယ် ဈေးကွက်များသို့ တစ်တန်လျှင် သိန်း ၃၀ နှုန်းဖြင့် တင်ပို့ရောင်းချရကြောင်း သိရသည်။

 

မယု(ငဖဲ)