ငဖဲ၊  ၁၆  ဇန်နဝါရီ

မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်အတွင်းရှိ ချင်းစု၊ ကျင်းသီပေါ်နှင့် ပန်းထိမ်းကျေးရွာတို့တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မူလခွင့်ပြုရန်ပုံငွေကျပ် ၄၉ ဒသမ ၆၁၉ သန်း အသုံးပြု၍ ကျေးလက်ကုန်ထုတ်လမ်း ၃ လမ်းနှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းများ ၆၅ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း အဆိုပါဦးစီးဌာနက သိရသည်။

 

ချင်းစုကျေးရွာတွင် အရှည် ၄ ဒသမ ၆ ဖာလုံရှိ ကျောက်ရောမြေဖြန့်ခင်း၍ မြေနီကျောက်စရစ်တင်ခြင်း လုပ်ငန်းနှင့် အဆိုပါလမ်းပေါ် Box Culvert ၂ စင်းတည်ဆောက်ခြင်း၊  ကျင်းသီပေါ်ကျေးရွာတွင် အရှည် ၇ ဒသမ ၁ ဖာလုံရှိ ကျောက်ရောမြေဖြန့်ခင်း၍ မြေနီကျောက်စရစ်တင်ခြင်းလုပ်ငန်း၊ ပန်းထိမ်းကျေးရွာတွင် အရှည် ၁ ဖာလုံရှိ ကျောက်ရောမြေဖြန့်ခင်း၍ မြေနီကျောက်စရစ်တင်ခြင်းလုပ်ငန်းနှင့် အဆိုပါလမ်းပေါ် Box Culvert ၂ စင်းတည်ဆောက်ခြင်း လုပ်ငန်းတို့ကို တင်ဒါအောင်မြင်သော ဘုန်းမြတ်ကျော်ကုမ္ပဏီမှ ၂၀၂၀ ပြည့်နှစ် နိုင်၀င်ဘာ ၂၃ ရက်နေ့က စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

အဆိုပါကုန်ထုတ်လမ်း ၃ လမ်း ရာနှုန်းပြည့်ဆောင်ရွက်ပြီးပါက ချင်းစု၊ ကျင်းသီပေါ်နှင့် ပန်းထိမ်းကျေးရွာတို့အနီးရှိ လယ်ယာဧက ၂၀၀၀ ကျော်က ထွက်ရှိသော ထွက်ကုန်သီးနှံများအား စျေးကွက်သို့ ရာသီမရွေး အချိန်ကုန်သက်သာစွာ တင်ပို့ရောင်းချနိုင်တော့မည်ဖြစ်ကြောင်း ငဖဲမြို့နယ်ဦးစီးမှူး ဦးဝေလင်းမောင်က ပြောပြ၍ သိရသည်။

သူရိန်(မင်းဘူး)