ငဖဲ  ၇  ဧပြီ

 

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် သာစည်ကျေးရွာအုပ်စု သာစည်ကျေးရွာတွင် ကျေးရွာနေပြည်သူများ လယ်ယာထွက်ကုန်သီးနှံများ ဈေးကွက်သို့ ရာသီမရွေး အချိန်မီတင်ပို့ ရောင်းချ နိုင်ရန် ရည်ရွယ်ပြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကုန်ထုတ်လမ်း ဖောက်လုပ် လျက်ရှိရာ လုပ်ငန်းများ  ရာခိုင်နှုန်းပြည့် ဆောက်ရွက်ပြီးစီးပြီ ဖြစ်ကြောင်း အဆိုပါဦးစီးဌာနမှ သိရသည်။

 

သာစည်ကျေးရွာ ကုန်ထုတ်လမ်းမှာ အရှည်ပေ ၆၉၅၀၊ အကျယ် ၁၂ ပေ၊ ထု ၁ ပေ ၉ လက်မ ချောင်းသဲ ကျောက်တင်ပြီး မြေနီကျောက်စရစ်ခင်းခြင်းနှင့်  ရေပြွန် ၆ စင်း တည်ဆောက်ခြင်း လုပ်ငန်းတို့ကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခွင့်ပြုရန်ပုံငွေကျပ် ၃၉ ဒသမ ၇ သန်းဖြင့်  ထွန်းကမ္ဘာလင်းကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်ခဲ့သည်။

 

သာစည်ကျေးရွာသည် ငဖဲမြို့၏ အရှေ့တောင်ဘက် ၈ မိုင်ခန့်အကွာ၌ တည်ရှိပြီး အိမ်ခြေ ၈၈ အိမ် လူဦးရေ ၃၃၀ ခန့်နေထိုင်ကာ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းတို့ဖြင့် အသက်မွေးဝမ်းကျောင်းပြု နေထိုင်ကြသည်။

 

 "ယခင်ကဆို လယ်ယာထဲက ထွက်ကုန်သီးနှံတွေကို လှည်းနဲ့ ခက်ခက်ခဲခဲ သွားရောက်သယ်ယူ နိုင်ပါတယ်။ ထွက်ကုန်သီးနှံတွေကို သယ်ယူရတာ မလွယ်ကူဘဲ ဈေးကွက်သို့ တင်ပို့ရောင်းချရာမှာ အချိန်ကြာမြင့်တာကြောင့် ဒေသခံပြည်သူများမှ တင်ပြချက်အရယခုလိုလမ်းအား အဆင့်မြှင့်တင် ဖောက်လုပ်ပေးခြင်းဖြစ်ပါတယ်"ဟု သာစည်ကျေးရွာနေ ဦးခင်ထွေးထံမှ သိရသည်။

 

ယခုအခါ လုပ်ငန်းများအားလုံးဆောင်ရွက်ပြီးစီးနေပြီဖြစ်၍  သာစည်ကျေးရွာနှင့် အနီးဝန်းကျင်ရှိ လယ်ယာစိုက်ပျိုးဧက ၄၀ဝ ခန့်မှ ထွက်ကုန်သီးနှံများအား ဈေးကွက်သို့ ရာသီမရွေး အချိန်ကုန် ငွေကုန်သက်သာစွာဖြင့် သယ်ယူပို့ဆောင်နိုင်တော့မည်ဖြစ်ကြောင်း  မင်းဘူးခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးတင့်လွင်ဦးက ပြောသည်။

 

သူရိန်(မင်းဘူး)