ငဖဲ  ၁၉  မတ် 

 

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် ဆင်ချည်တိုင်ကျေးရွာအုပ်စု ပေါက်ရင်းကုန်း ကျေးရွာတွင် ကျေးရွာနေ ပြည်သူများ လယ်ယာထွက်ကုန်သီးနှံများ ဈေးကွက်သို့ ရာသီမရွေး အချိန်မီတင်ပို့ ရောင်းချနိုင်ရန် ရည်ရွယ်ပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကုန်ထုတ်လမ်း ဖောက်လုပ်လျက်ရှိရာ လုပ်ငန်းများ ၁၀ဝ ရာခိုင်နှုန်း ဆောက်ရွက်ပြီးစီးပြီ ဖြစ်ကြောင်း သိရသည်။

 

ပေါက်ရင်းကုန်းကျေးရွာ ကုန်ထုတ်လမ်းမှာ ပေါက်ရင်းကုန်းကျေးရွာ ကုန်ထုတ်လမ်း အရှည်ပေ ၆၀ဝ၀၊ အကျယ် ၁၂ ပေ၊ ထု ၉ လက်မရှိ မြေနီကျောက်စရစ်ခင်းခြင်းနှင့် ရေပြွန် ၄ စင်း တည်ဆောက်ခြင်း လုပ်ငန်းတို့ကို ၂၀၁၉-၂၀၂၀ ခု ဘဏ္ဍာရေးနှစ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ခွင့်ပြု ရန်ပုံငွေကျပ် ၂၁ သန်းဖြင့် ထွန်းကမ္ဘာလင်း ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်နေခြင်း ဖြစ်ကြောင်း သိရသည်။

 

"ယင်းပေါက်ရင်း ကုန်းကျေးရွာသည် ငဖဲမြို့၏ အရှေ့တောင်ဘက် ၆ မိုင်ခန့်အကွာ၌ တည်ရှိပြီး အိမ်ခြေ ၆၀ လူဦးရေ ၄၂၀ ဦးခန့်နေထိုင်ကာ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းတို့ဖြင့် အသက်မွေး ဝမ်းကျောင်းပြု နေထိုင်ကြသည်။ ယခင်ကဆို လယ်ယာထဲက ထွက်ကုန်သီးနှံတွေကို လှည်းနဲ့သာ ခက်ခက်ခဲခဲ သွားရောက်သယ်ယူနိုင်ပါတယ်။ ထွက်ကုန်သီးနှံတွေကို သယ်ယူရတာ မလွယ်ကူဘဲ ဈေးကွက်သို့ တင်ပို့ရောင်းချရာတွင် အချိန်ကြာမြင့်သဖြင့် ဒေသခံပြည်သူများမှ တင်ပြခဲ့၍ ယခုလို လမ်းအား အဆင့်မြှင့်တင် ဖောက်လုပ်ပေးခြင်းဖြစ်ပါတယ်"ဟု ပေါက်ရင်းကုန်း ကျေးရွာနေ ဦးကျော်အောင်ထံမှ သိရသည်။

 

ယခုအခါ လုပ်ငန်းများအားလုံးဆောင်ရွက်ပြီးစီးနေပြီဖြစ်၍  ပေါက်ရင်းကုန်းကျေးရွာနှင့် အနီးဝန်းကျင်ရှိ လယ်ယာစိုက်ပျိုးဧက ၆၀ဝ ကျော်မှ ထွက်ကုန်သီးနှံများအား ဈေးကွက်သို့ ရာသီမရွေး အချိန်ကုန် ငွေကုန် သက်သာစွာဖြင့် သယ်ယူပို့ဆောင်နိုင်တော့မည်ဖြစ်ကြောင်း ငဖဲမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဝေလင်းမောင်က ပြောသည်။

 

သူရိန်(မင်းဘူး)