ငဖဲ ၁၀ ဧပြီ
မင်းဘူးခရိုင်၊ ငဖဲမြို့နယ်၌ မန်းချောင်းရေလှောင်တမံဆည်မှ ပေးလွှတ်သောရေဖြင့် နွေစပါးဧက ၁၅၆၀ နှင့် နွေနှမ်း ၂၇၅ ဧကကို မတ်လ ၁၆ ရက်နေ့မှစ၍ လျာထားစိုက်ပျိုးလျက်ရှိရာ နွေစပါးစိုက်ပျိုးမှု ၂၁ ဒသမ ၅၄ ရာခိုင်နှုန်းနှင့် နွေနှမ်းစိုက်ပျိုးပြီးစီးမှု ၄၄၂ ဒသမ ၅၅ ရာခိုင်နှုန်း စိုက်ပျိုးပြီးစီးနေပြီဖြစ်ကြောင်း မြို့နယ်လယ်ယာ မြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးကျော်လင်းထွန်း ထံမှ သိရသည်။
ငဖဲမြို့နယ်၌လယ်မြေ၊ယာမြေ၊ ကိုင်း/ကျွန်း၊ ဥယျာဉ်မြေများ အသားတင်စိုက်ပျိုးနိုင်သည့် မြေယာအသုံးပြုမှု ဧရိယာ ၂၇၉၄၂ ဧကရှိပြီး ယခုနှစ်နွေရာသီတွင် နွေစပါးစိုက်ဧက ၁၅၆၀ နှင့် နှမ်းစိုက်ဧက ၂၇၅ ဧကစိုက်ပျိုးရန် လျာထားရာ နွေနှမ်းမှာ ၁၂၁၇ ဧကကျော် လွန်စိုက်ပျိုးနိုင်ခဲ့ပြီး ရာခိုင်နှုန်းပြည့်မီကျော်လွန်ရေး စိုက်ပျိုးနိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
ငဖဲမြို့နယ်တွင် နွေစပါးစိုက်ပျိုးသည့် ကျေးရွာအုပ်စု(၈)အုပ်စု၊ နွေနှမ်းစိုက်ပျိုးသည့် ကျေးရွာအုပ်စု (၁၇)အုပ်စုရှိပြီး တစ်မြို့နယ်လုံးအနေဖြင့် စပါးမျိုးကွဲအလိုက်စိုက်ဧကမှာ မနောသုခ(၈)ဧက၊ ဆင်းသုခ(၁၁၀)ဧက၊ ရတနာတိုး(၂၁၈)ဧက စုစုပေါင်း (၃၃၆)ဧက စိုက်ပျိုး ပြီးစီးပြီး နွေစပါး၊ နွေနှမ်းစိုက်ပျိုးကြသောဧကအားလုံး အောင်မြင်ဖြစ်ထွန်းရေးသက်ဆိုင်ရာ ကွင်းအလိုက်ဝန်ထမ်းများက ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်းနှင့် တောင်သူ များအနေဖြင့် နွေစပါးစိုက်ပျိုးမှု ကုန်ကျစရိတ်ထက် နွေနှမ်းစိုက်ပျိုးမှုကုန်ကျစရိတ်က ပိုမိုသက်သာပြီး စိုက်ပျိုးဖြစ်ထွန်းမှုအောင်မြင်၍ နွေနှမ်းကိုပိုမိုစိုက်ပျိုးကြကြောင်း သိရသည်။
မယု(ငဖဲ)


