နေပြည်တော်  ၃  မတ်       

 

မူးယစ်တပ်ဖွဲ့စု(၁၅)မကွေးမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မတ် ၂ ရက် ည ၁၁ နာရီက ငဖဲမြို့နယ်၊ ဇင်းပြွန်းကျေးရွာအုပ်စု၊ ပျဉ်းဝကျေးရွာရှိ ပျဉ်းဝပူးပေါင်းစစ်ဆေးရေးစခန်းတွင် သိန်းကျော် မောင်းနှင်ပြီး ကျော်မင်းဦး(ခ)ကိုကျော်ကြီးနှင့် အောင်စိန်တို့လိုက်ပါလာသည့် DYNA အမျိုးအစား မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေး ၁,၄၃၉,၉၄၅ ပြား( တန်ဖိုးငွေကျပ် ၇၁၉၉၇ ဒသမ ၂၅ သိန်း) ကိုလည်းကောင်း၊ ထို့အတူ မတ် ၂ ရက် ညနေ ၅နာရီက လုံခြုံရေး တပ်ဖွဲ့ ဝင်များသည် မူးယစ်ဆေးဝါးသတင်းအရ မောင်တောမြို့နယ်၊ ဝေသာလီကျေးရွာ၊ မောင်တော-အငူမော်သွား ကားလမ်းဘေး၌ ရပ်ထားသည့် HINO အမျိုးအစား မော်တော်ယာဉ်ကို စောင့်ကြည့်နေစဉ် ၎င်းမော်တော်ယာဉ် အနီးသို့ရောက်ရှိလာသည့် မြင့်စိုး၏မော်တော်ဆိုင်ကယ်ကို  စစ်ဆေးရန် ရပ်တန့်ခိုင်းစဉ် နောက်ပြန်လှည့် မောင်းပြေးသွားပြီး ကားလမ်းပေါ်တွင် ကျကျန်ခဲ့သည့် မြင့်စိုး၏နိုင်ငံသား စိစစ်ရေးကတ်ပြား ၁ ခု၊ လက်ကိုင် ဖုန်းတစ်လုံးတို့ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သည်။

 

ဆက်လက်၍ မော်တော်ယာဉ်ကို စစ်ဆေးရှာဖွေရာ စိတ်ကြွရူး သွပ်ဆေးပြား ၈၇ ဒသမ ၇၅ သိန်း( တန်ဖိုးငွေကျပ် ၁၇၅၅၀ဝ သိန်း)ကို လည်းကောင်း သိမ်းဆည်းရမိခဲ့ပြီး ပူးပေါင်းအဖွဲ့ဖြင့်ရှာဖွေခဲ့ရာ  မြင့်စိုးအား မောင်တောမြို့၌ ဖမ်းဆီးရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

 

(ကိုရဲ)