ငဖဲ စက်တင်ဘာ ၁၂

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်၊ ပေကုန်းကျေးရွာ၊ အခြေခံပညာမူလတန်းကျောင်းရှိ ကျောင်းဆောင်သစ်အဆောက်အဦ ရာနှုန်းပြည့်တည်ဆောက်ပြီးစီးနေပြီဖြစ်၍ မင်းဘူးခရိုင်ပညာရေးမှူး ဒေါက်တာရဲညွန့်၊ ငဖဲမြို့နယ်ပညာရေးမှူးဦးကျော်ဝင်း နှင့် တာဝန်ရှိသူများအဖွဲ့သည် စက်တင်ဘာ ၁၁ ရက်တွင် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါ ပေကုန်းကျေးရွာ အခြေခံပညာမူလတန်းကျောင်းရှိ ကျောင်းဆောင်သစ်အဆောက်အဦသည် အလျား ပေ ၆၀၊ အနံ ပေ ၃၀၊ အမြင့် ၁၅ ပေရှိ Steel Structure (၁)ထပ်အမျိုးအစားဖြစ်ပြီး ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေကျပ် (၃၃.၃)သန်းဖြင့် လပြည့်သိမ်းကုမ္ပဏီက ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလတွင် စတင်ပြီး တာဝန်ယူဆောက်လုပ်ခဲ့ခြင်းဖြစ်ကာ ၂၀၂၁ ခုနှစ် ဇူလိုင်လတွင် လုပ်ငန်းအားလုံးရာနှုန်းပြည့်ပြီးစီးခဲ့ခြင်း ဖြစ်သည်။

ထို့နောက် မင်းဘူးခရိုင်ပညာရေးမှူးဒေါက်တာရဲညွန့်နှင့် တာဝန်ရှိသူများအဖွဲ့သည် ပဒါန်း (အ.ထ.က)၊ ငဖဲ (အ.ထ.က)၊ ဇင်ပြွန်း (အ.ထ.က -ခွဲ)၊ ထန်းကိုင်း (အ.မ.က) နှင့် ပင်ဦး (အ.လ.က)ကျောင်းတို့တွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်နှင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တို့တွင် တည်ဆောက်ခဲ့သော ကျောင်းဆောင်များနှင့် ဝန်ထမ်းအိမ်ရာများ တည်ဆောက်ပြီးစီးမှုကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မယု (ငဖဲ)